တရုတ်၏ ခါးပတ်လမ်းစီမံကိန်းကို တုံ့ပြန်မည့် စီမံကိန်းများကို အမေရိကန်က လက်တင်အမေရိကတွင် ဆောင်ရွက်ရန် လျာထား

တရုတ်၏ ခါးပတ်လမ်းစီမံကိန်းကို တုံ့ပြန်မည့် စီမံကိန်းများကို အမေရိကန်က လက်တင်အမေရိကတွင် ဆောင်ရွက်ရန် လျာထား

တရုတ်သမ္မတရှီကျင့်ဖျင်၏ ဒေါ်လာထရီလီယံပေါင်းများစွာတန်သော ခါးပတ်လမ်းစီမံကိန်း (BRI) ကို တုံ့ပြန်မှုလုပ်ဆောင်ရေး ပြင်ဆင်နေသည့် အမေရိကန်တာဝန်ရှိသူများက လိုအပ်သည့် အခြေခံအဆောက်အအုံများကို ကြိုတင်လေ့လာရန် ယခုသီတင်းပတ်၌ လက်တင်အမေရိကသို့ စတင်ထွက်ခွာလျက်ရှိသည်။

သမ္မတဂျိုးဘိုင်ဒင်၏ ဒုတိယ အမျိုးသားလုံခြုံရေးအကြံပေး ဒယ်လိဆင်းဦးဆောင်သော သံတမန်ရေးရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့သည် ကိုလံဘီယာသို့ရောက်ရှိနေပြီး သီတင်းပတ်နှောင်းပိုင်းတွင် အီကွေဒေါနှင့်ပနားမားသို့မသွားမီ သမ္မတ အီဗန်ဒူကေးနှင့်တွေ့ဆုံရန် စီစဉ်ထားသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် အချမ်းသာဆုံးဒီမိုကရေစီ ၇ နိုင်ငံဖြစ်သည့် ဂျီ-၇အဖွဲ့မှ ဇွန်လက ကြေညာထားသော အပြည်ပြည်ဆိုင်ရာအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်မည့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးပြန်လည်ထူထောင်ရေး (Build Back Better World –B3W) စီမံကိန်းအတွက်လည်း တာဝန်ပေးခြင်း ခံထားရသည်။

ဤခရီးစဉ်၌ အမေရိကန်တာဝန်ရှိသူများသည် ကိုလံဘီယာသမ္မတ ဒူကေး၊ အီကွေဒေါသမ္မတ ဂီရယ်မိုလက်ဆို၊ ပနားမားတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမည့်အပြင် ပုဂ္ဂလိက ကဏ္ဍ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ယခင်ကပင် ဘေးဖယ်ခံထားရသည့် အုပ်စုများနှင့်လည်း စကားပြောခွင့်ရလိမ့်မည်ဟု တာဝန်ရှိသူများက ဆိုသည်။

ယခုစီမံကိန်းသည် ရာသီဥတု၊ ကျန်းမာရေး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အမျိုးသား၊အမျိုးသမီး တန်းတူညီမျှရေးများ အစရှိသည့် နယ်ပယ်များကို အလေးထားကြောင်း တာဝန်ရှိသူများက ပြောသည်။

သမ္မတဘိုင်ဒင်အစိုးရ၏ အကြီးတန်းအရာရှိများ၏အဆိုအရ အမေရိကန်၏B3W စီမံကိန်း တရားဝင်စတင်မှုကို လာမည့်နှစ်အစောပိုင်းတွင် ပြုလုပ်ရန်စီစဉ်ထားပြီး ၂၀၃၅ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများလိုအပ်သော အမေရိကန်ဒေါ်လာ ၄၀ ထရီလီယံကို လျှော့ချရန်မှန်းထားသည့် ကနဦးစီမံကိန်းအချို့၏ အသေးစိတ်များပါဝင်မည်ဖြစ်သည်။ အစီအစဉ်သည် အခြေခံအားဖြင့် ရင်းနှီးငွေ မည်မျှခွဲဝေချထားပေးမည်ကိုမူ မဆုံးဖြတ်ရသေးပေ။

အမေရိကန်တာဝန်ရှိသူများသည် ၁ လကျော်ကာလအတွင်း ဥရောပ၌ ချမ်းသာသော နိုင်ငံ ၂၀ အုပ်စုနှင့် COP26 ပြောင်းလဲခြင်းဆိုင်ရာညီလာခံများတွင် မဟာမိတ်များနှင့် တွေ့ဆုံ ဆွေးနွေးရန်လည်း စီစဉ်ထားသည်။

ထိုညီလာခံများသို့ တရုတ်လည်း တက်ရောက်မည်ဖြစ်သည်။ ဆွေးနွေးမှုများအား ဒီဇင်ဘာအတွင်း သမ္မတဘိုင်ဒင်စီစဉ်ကျင်းပမည့် Summit for Democracy ၌ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။

၂၀၁၃ ခုနှစ်က တရုတ်သမ္မတရှီ စတင်ခဲ့သည့် BRI စီမံကိန်းအတွက် ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပဏာမခြေလှမ်းများကို လုပ်ဆောင်နေသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်သည် ရထားလမ်းများ၊ ဆိပ်ကမ်းများနှင့် အဝေးပြေးလမ်းမကြီးများကဲ့သို့သော BRI စီမံကိန်းများကို တရုတ်နှင့်ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြသည်။

စီမံကိန်းများအနက် အနည်းငယ်သာ စီးပွားရေးတွက်ခြေကိုက်ပြီး အလွန်ညံ့ဖျင်းသော လုပ်သားနှင့်ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများရှိတတ်သည်ဟု ဘိုင်ဒင်အစိုးရတာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly