မန္တလေးတွင် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို ကားဖြင့်ဝင်တိုက်အကြမ်းဖက်ဖြိုခွင်း၊ သံဃာတော် ၅ပါးနှင့် လူပုဂ္ဂိုလ် ၃ဦးကိုဖမ်းဆီး

မန္တလေးတွင် သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို ကားဖြင့်ဝင်တိုက်အကြမ်းဖက်ဖြိုခွင်း၊ သံဃာတော် ၅ပါးနှင့် လူပုဂ္ဂိုလ် ၃ဦးကိုဖမ်းဆီး

အောက်တိုဘာ ၂

မန္တလေးမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေကြသည့် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းကို စစ်တပ်ကကားဖြင့်ဝင်တိုက်ပြီးအကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်တွင် သံဃာတော် ငါးပါးနှင့်လူပုဂ္ဂိုလ် သုံး ဦးဖမ်းဆီးခံလိုက်ရသည်ဟု ယနေ့ အောက်တိုဘာ ၂ရက်နေ့ ညနေခင်းနောက်ဆုံးရရှိသည့်သတင်းအချက်အလက်ကို အခြေခံကာ သံဃသမဂ္ဂ ဆရာတော်တစ်ပါးမှ မိန့်ကြားသည်။

ဖမ်းဆီးခံလိုက်ရသည့် သံဃာတော်များတွင် မြင်းဝန်မင်းကြီးကျောင်းတိုက်မှ ဉူးရေဝတ၊ ဗန်းမော်ကျောင်းတိုက်မှ ဉူးဝိလာသ၊ မစိုးရိမ်ကျောင်းတိုက်မှဉူးသီရိန္ဒနှင့်ဉူးသုစိတ္တ၊ ဆီးဘန်းနီကျောင်းတိုက်မှဉူးဝီရိယဓမ္မတို့ဖြစ်ပြီး ငါး ပါးလုံးအား လူဝတ်လဲစေခဲ့ကြောင်းသိရသည်။

စစ်အာဏာရှင်ပြုတ်ကျရေးနေ့စဉ်ချီတက်ဆန္ဒပြနေကြသည့် မန္တလေးသံဃသမဂ္ဂ သပိတ်စစ်ကြောင်းသည် ယနေ့ ၂၃၆ ရက်မြောက်နေ့အဖြစ်ဆက်လက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက်ရပ်ကွက်၊ သားသတ်ရုံအနီးတွင် အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်အဖွဲ့က ၎င်းတို့စီးလာသည့်စစ်ကားဖြင့်ဝင်တိုက်ပြီး သေနတ်များဖြင့်ပစ်ခတ်အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းဖြစ်သည်။

ယင်းအကြမ်းဖက်မှုဖြစ်စဉ်တွင် သံဃာတော်တစ်ပါးဒဏ်ရာရသွားကြောင်းလည်း မျက်မြင်များကဆိုသည်။

"ကိုယ်တော်တွေက ပြေးဝင်လာတာကို ဒီဘက်ကနေဟိုကောင်တွေက ကားနဲ့ဝင်တိုက်ပြီးဖမ်းတာ၊ ကိုယ်တော်ငါးပါးဖမ်းမိသွားတာတွေ့လိုက်ရတယ်၊ ကိုယ်တော်တွေကို ပါးတွေချည်းပိတ်ပိတ်ရိုက်ပြီး၊ တရွတ်တိုက်ဆွဲခေါ်သွားတာဗျ၊ ကိုယ်တော်တစ်ပါးထိသွားတာလည်းမြင်လိုက်ရတယ်၊ ဒါပေမယ့် လွတ်တော့လွတ်သွားတယ်" ဟု စိန်ပန်းရပ်ကွက်မှမျက်မြင်တစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် မန္တလေးသံဃသမဂ္ဂသပိတ်စစ်ကြောင်းနှင့်စစ်ကြောင်းပါသံဃာတော်များအား ယခုရက်ပိုင်းအတွင်း လိုက်လံဖြိုခွင်းဖမ်းဆီးလျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် ကင်းဝန်မင်းကြီးကျောင်းတိုက်အတွင်းဝင်ရောက်စီးနင်းကာ သံဃသမဂ္ဂ အဖွဲ့သံဃာတော်တစ်ပါး ဖြစ်သည့် ဦးပညာသီရိအားဖမ်းဆီးပြီးမော်တော်ယာဉ်ကိုပါသိမ်းယူသွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required