ရေနက်ဆိပ်ကမ်းစခန်းမှူးနှင့်အဖွဲ့ စီးနင်းလာသည့် ကား မိုင်းနင်းမိ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

ရေနက်ဆိပ်ကမ်းစခန်းမှူးနှင့်အဖွဲ့ စီးနင်းလာသည့် ကား မိုင်းနင်းမိ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၂

တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့သွားရာလမ်း ခမောင်းချောင်းနှင့် ပုဂေါဇွန်းလမ်းဆုံလွင်မိုးဆိုက်အနီးတွင် အောက်တိုဘာလ ၁ရက်နေ့ ညနေ၄နာရီအချိန်က ရေနက်ဆိပ်ကမ်းစခန်းမှူးနှင့်အဖွဲ့စီးနင်းလာသည့်ကား မိုင်းခွဲခံရကြောင်း ဒေသခံများကပြောသည်။

အဆိုပါမိုင်းခွဲခံရသည့် ဖြစ်စဉ်မှာ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF)၏ လက်ချက်ဖြစ်ကြောင်း ယနေ့အောက်တိုဘာ ၂ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

"စခန်းမှူးက အဲ့ဒီနေ့က ခေါ်နေကျ ဒလန်တစ်ဦးနဲ့ သာမန်ရဲတပ်သား နောင်ရဲနဲ့ ကျော်သက်ထွေးတို့ကိုခေါ်ဆောင်ပြီး ထားဝယ်မြို့ကို ကားမောင်းထွက်သွားတာ" ဟု ဒေသခံများက ဆိုသည်။

မိုးနင်းမိခြင်းကြောင့် စခန်းမှူးနှင့်အတူပါလာသည့် ဒလန်တစ်ဦးနှင့် သာမန်ရဲတပ်သားတစ်ဦးတို့သည် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး စခန်းမှူးနှင့် ရဲတပ်သားနောက်တစ်ဦးမှာ ဆေးကုသမှုခံယူနေ​ရကြောင်း DGRF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

" ဒီလမ်းမှာ ရဲစခန်းကလူတွေအသွားအလာများလို့စောင့်ကြည့်နေခဲ့တာပါ။ စက်တင်ဘာ ၂၉ရက်နေ့ကတည်းက ကျနော်တို့အဖွဲ့လမ်းဘေးခြုံထဲမှာပဲ အိပ်ပြီး မိုင်းခွဲနိုင်ဖို့စောင့်နေခဲ့တာ။ ၃ရက်နီးပါး အစာခြောက်တွေပဲစားပီး စောင့်နေခဲ့တယ်။ စခန်းမှူးကားလာတော့ ရှော့တိုက်မိုင်းခွဲလိုက်တာ၊ ကားက လေပေါ်မြောက်တက်သွားပီး နှစ်ယောက် ပွဲချင်းပီးသေတယ်။ ကျနော်တို့ကလဲ ပါလာတဲ့လက်ပစ်ဗုံးတွေနဲ့ပါ ထပ်ပစ်တယ်''ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကားမိုင်းခွဲခံရခြင်းကို မျက်မြင်တွေ့လိုက်ရသည့် ရွာခံများရှိနေသော်လည်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးမရှိဟု ဆိုကာ ရဲစခန်းမှတဆင့် ရွာထဲသို့ သတင်းလွှင့်ထားကြောင်း ဒေသခံများက ပြောပြသည်။

အဆိုပါမိုင်းနင်းခံရ‌သည့် ကားမှာ နဘုလယ်ဒေသ၊ မူးဒူးကျေးရွာမှ ကျန်းမာရေးမှူး၏ကားဖြစ်ပြီး ၎င်းမှာ အဖမ်းခံထားရအပြီး မတ်လက ထောင် (၂)နှစ်အမိန့်ချမှတ်ခံရပြီးနောက် ရေနက်ဆိပ်ကမ်းရဲစခန်းမှ စခန်းမှူးက အဆိုပါ ကားကိုယူသုံးနေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required