ဒလန်အသတ်ခံရပြီး လာစစ်‌ဆေးသည့် စစ်ကားလမ်းတွင် မိုင်းဆွဲခံရ၊ မိုင်းဆွဲသည့် UDF အထိအခိုက်မရှိ ဆုတ်ခွာနိုင်

ဒလန်အသတ်ခံရပြီး လာစစ်‌ဆေးသည့် စစ်ကားလမ်းတွင် မိုင်းဆွဲခံရ၊ မိုင်းဆွဲသည့် UDF အထိအခိုက်မရှိ ဆုတ်ခွာနိုင်

အောက်တိုဘာ ၂

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ရဲမနားကုန်းနှင့်တောင်ကုန်းကျေးရွာအကြား ကွမ်းခြံကုန်းနှင့် လက်ခုပ်ကုန်းလမ်းမပေါ်ရှိ မယ်ဝိုင်းတံတားအနီးတွင် စစ်ကောင်စီတပ်များစီးနင်းလာသော Double Cabကား နှစ်စီးကို UDFအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး UDF အဖွဲ့အနေဖြင့် အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

"စစ်ကောင်စီ DCနှစ်စီးကို ဆွဲမိုင်း ဆွဲပြီး တိုက်ခိုက်ခဲ့ပါတယ်၊ ဒီဖြစ်စဥ်မှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု‌တွေရှိတယ် ကျွန်တော်တို့UDFတပ်ဖွဲ့ဝင်များကအထိအခိုက်မရှိအောင်မြင်ပြီးမြောက်ခဲ့ပါတယ်၊ ရန်သူစစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးမှု‌တွေ ရှိနိုင်တယ်"ဟု UDF အဖွဲ့မှ မဇ္ဇျိမကိုပြောသည်။

ယမန်နေ့ အောက်တိုဘာ ၁ရက်နေ့ ည ၁၀နာရီခန့်က ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးကျေးရွာရှိ အုပ်ချုပ်ရေးမှူးကို အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်သတ်သွားပြီးနောက် စစ်ကောင်စီ၏ ကော့မှူးလေကြောင်းရန်ကာကွယ်ရေးတပ်က အခင်းဖြစ်ပွားရာနေရာသို့ လာနေစဉ် လမ်းတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၂ရက်နေ့တွင် United Democratic Force-UDF ကထုတ်ပြန်ထားသည်။

ကွမ်းခြံကုန်းမြို့နယ်၊တော်ကူးကျေးရွာရှိ စစ်ကောင်စီသတင်းပေးဒလန် အုပ်ချုပ်ရေးမှုးရေခဲချောင်း(ခေါ်)စိုးမင်းအောင်နှင့်၎င်း၏ လက်ပါးစေ စိုးသီဟတို့ကို ယမန်နေ့ အောက်တိုဘာ ၁ရက်နေ့ ည ၁၁ နာရီဝန်းကျင် အချိန်က ပစ်သတ်ခဲ့ကြောင်း United Democratic Force-UDF ကထုတ်ပြန်ထားသည်။

မိုင်းခွဲခံရမှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိမရှိကို မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly