မရမ်းကုန်းတွင် အမျိုးသား ၂ ဦး ရန်ဖြစ် စစ်ကောင်စီတပ်ရောက်လာပြီးနောက် ၁ ဦး ပစ်သတ်ခံရ

မရမ်းကုန်းတွင် အမျိုးသား ၂ ဦး ရန်ဖြစ် စစ်ကောင်စီတပ်ရောက်လာပြီးနောက် ၁ ဦး ပစ်သတ်ခံရ

အောက်တိုဘာ ၂

မရမ်းကုန်းမြို့နယ်ရှိ ဘိလိယက်ခုံတွင် အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကရောက်လာပြီး အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရမှု ယမန်နေ့ညကဖြစ်ပွားခဲ့ကြောင်း ဒေသခံများအပြောအရသိရသည်။

’မနေ့က ည ၈ နာရီလောက်ပေါ့ ၊ဘိလိယက်ခုံမှာ အမျိုးသားနှစ်ယောက် ရန်ဖြစ်ကြတာ ၊အဲ့အချိန် ရာအိမ်မှူးတွေ ရောက်လာတယ်၊ ရဲကိုခေါ်ခိုင်းတယ် ၊အဲ့အချိန် ပစ်သတ်ခံရတဲ့ ကောင်လေးက ပြန်သွားပြီ။ သူ့မှာ ဓားပါတယ်။ အဲ့မှာ ဘေးလူတွေက စစ်တပ်ပါ ခေါ်လိုက်တော့ ၁၅ ယောက်လောက် ရောက်လာတယ် ။အဲ့မှာ ပြန်သွားတဲ့ ကောင်လေးကို မင်းဓမ္မလမ်းပေါ်မှာ ဆိုင်ကယ်တွေနဲ့ ပိတ်ဖမ်းတယ် ။ဓားကိုင်ရမ်းကားတယ်ဆိုပြီး နဖူးကို သေနတ်နဲ့ နှစ်ချက် ပစ်သတ်လိုက်တာ’ ဟု ဒေသခံတစ်ဦးက ပြောသည်။

မရမ်းကုန်းမြို့နယ်၊ (၆) ရပ်ကွက်၊ အောင်သုခ (၁)လမ်းတွင်ရှိသည့် ဘိလိယက်ခုံတွင် စကားများရန်ဖြစ်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရောက်လာပြီး ရဲတပ်ဖွဲ့ဝင်များကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်လိုက်သည့် အမျိုးသားသည် အသက် ၂၆ နှစ်အရွယ်ရှိပြီး နဖူးတွင်သေနတ်ဒဏ်ရာ နှစ်ချက်နှင့် နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရုပ်အလောင်းကိုလည်း စစ်ကောင်စီတပ်များက ယူဆောင်သွားခဲ့သည်။

‘ ရန်ဖြစ်တဲ့အထဲက တစ်ယောက်က အရင်က ရပ်မိရပ်ဖ လုပ်ဖူးတယ်၊ သူ့ကို ဘိလက်ခုံတာဝန်ခံကိုယ်တိုင် နေအိမ်ကို ပြန်လိုက်ပို့တာလို့ သိရတယ်’ ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ ပစ်သတ်မှုကြောင့် သေဆုံးသွားသည့်အမျိုးသားရုပ်အလောင်းကို ပြန်လည်ရယူလိုပါက ငွေကျပ် သုံးသိန်းဖြင့် လာရောက်ရွေးယူရန်နှင့် ကျေအေးကြောင်း လက်မှတ် ရေးထိုးခိုင်းနေသည်ဟု အဆိုပါ ဒေသခံက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required