တင်းမာမှုတွေ ရှိနေရာ အဇာဘိုင်ဂျန်နယ်စပ်အနီး အီရန်က စစ်ရေးလေ့ကျင့် 

တင်းမာမှုတွေ ရှိနေရာ အဇာဘိုင်ဂျန်နယ်စပ်အနီး အီရန်က စစ်ရေးလေ့ကျင့် 
Photo - AFP

အောက်တိုဘာ ၂

အီရန်နိုင်ငံရဲ့ အမျိုးသားစစ်တပ်ဟာ အဇာဘိုင်ဂျန်နဲ့ နယ်စပ်အနီးမှာ သောကြာနေ့က စစ်လေ့ကျင့်မှု စတင်ပြုလုပ်ပြီး အနောက်အုပ်စုနဲ့ အစ္စရေးတို့နဲ့ ဆက်ဆံရေးအပေါ် မယုံကြည်မှု တိုးပွားလာနေတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ အနီးမှာ ၎င်းရဲ့ စစ်ရေးစွမ်းရည်ကို ပြသလာခဲ့ပါတယ်။ 

အခု စစ်ရေးလေ့ကျင့်မှုမှာ အမြောက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေ ပါဝင်မှာ ဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံက ဖော်ပြပေမယ့် စစ်လေ့ကျင့်မှု ဘယ်လောက်ကြာမလဲနဲ့ ဘယ်နေရာတွေမှာ လေ့ကျင့်သွားမလဲဆိုတဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်တာ မရှိပါ။ 

အီရန်နိုင်ငံဟာ အခုလို စစ်ရေးလေ့ကျင်မှုတွေကို ရံဖန်ရံခါဆိုသလို ပြုလုပ်နေပြီး တိုက်ခိုက်ရေးအသင့်ရှိမှုကို အကဲဖြတ်နိုင်ရန်နဲ့ စွမ်းပကားကို ဖော်ထုတ်ပြန်နိုင်ရန် လိုအပ်တာကြောင့်လို့ ပြောဆိုပါတယ်။

အခု စစ်ရေးလေ့ကျင့်မှုတွေကိုလည်း နယ်စပ်တစ်လျှောက်မှာ တင်းမာမှုတွေ အရှိန်မြင့်တက်နေချိန်မှာ ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။ အီရန်အနေနဲ့ ၎င်းရဲ့ ရန်ဘက် အစ္စရေးနဲ့ အဇာဘိုင်ဂျန်တို့ စစ်ရေးမှာ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေအတွက် အထူးသဖြင့် စိုးရိပူပန်ပြီး ကြာသပတေးနေ့မှာလည်း အီရန်ဆိုင်ရာ အဇာဘိုင်ဂျန်သံအမတ်ကြီးကို ၎င်းတို့ရဲ့ ပူပန်မှုကို အသိပေးပြောဆိုခဲ့ပါသေးတယ်။ 

“ကျွန်တော်တို့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့ ဇီယွန်အစိုးရ ခေါ် အစ္စရေးနိုင်ငံရဲ့ ကျွန်တော်တို့ နယ်စပ်တွေနား တည်ရှိမှုနဲ့ လှုပ်ရှားမှုတွေကို သည်းခံမှာ မဟုတ်ဘူး”လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီရတ်ဒူလာဟီယန်းက ပြောပြီး “အဲဒါကို သတိကပ်ပြီး လိုအပ်သမျှကို ကျွန်တော်တို့ ဆောင်ရွက်သွားမှာပဲ ဖြစ်တယ်”လို့ သူက ဖြည့်စွက်ဆိုပါတယ်။ 

အီရန်နဲ့ အဇာဘိုင်ဂျန်ကြားက ဆက်ဆံရေးဟာ ‘အရေးကြီးကြောင်း’ သူက ရည်ညွှန်းပြောပေမယ့် အခု စစ်ရေးလေ့ကျင့်မှုတွေဟာလည်း ‘မှန်ကန်တဲ့ လုပ်ရပ်’ ပဲလို့ အလေးအနက်ထား ပြောပါတယ်။ 

နယ်စပ်မှာ လာရောက်စစ်ရေးလေ့ကျင့်ဖို့ အီရန်ရဲ့ အစီအစဉ်ကြောင့် အံ့ဩမှင်တက်မိတယ်ဆိုပြီး အဇာဘိုင်ဂျန် သမ္မတ အီဟန် အလီယက်ဗ်က အခု သီတင်းပတ်အစောပိုင်းမှာ တူရကီနိုင်ငံပိုင် Anadolu သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 

အဇာဘိုင်ဂျန်နဲ့ အစ္စရေးတို့ဟာ မကြာသေးတဲ့ လတွေအတွင်း ၎င်းတို့ရဲ့ စစ်ရေးမဟာမိတ်ပြုမှုကို ပိုမို ခိုင်မြဲစေခဲ့ပြီး အစ္စရေးဟာ အာမေးနီးယားနိုင်ငံနဲ့ ပြီးခဲ့တဲ့နှစ်မှာ နယ်မြေပိုင်ဆိုင်မှု ထိပ်တိုက်တွေ့ဖူးတဲ့ အဇာဘိုင်ဂျန်ဆီ အဆင့်မြင့်နည်းပညာသုံး ဒရုန်းတွေ ပံ့ပိုးကူညီခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly