ကျွန်းစုမြို့နယ်သို့ အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲတော့မည်

By သတင်းနှင့် မီဒီယာ ကွန်ရက်
02 October 2021
ကျွန်းစုမြို့နယ်သို့ အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲတော့မည်

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်မှ ကျွန်းစုမြို့နယ်သို့ နေ့စဉ် အသွားအပြန်ပြေးဆွဲပေးနေသည့် ခရီးသည်တင် အမြန်ရေယာဉ်များ အလှည့်ကြ စနစ်ဖြင့် အောက်တိုဘာ ၃ရက်နေ့မှ စတင်၍ ပုံမှန်အချိန်များတွင် ယခင်နှုန်းထားများအတိုင်း ပြန်လည်ပြေးဆွဲပေးတော့မည်ဟု ဒေသခံများက ပြောသည်။

ယခုပြန်လည်ပြေးဆွဲရာတွင် လူတစ်ဦးလျှင် ယခင်ကဈေးနှုန်းအတိုင်း အသက်အာမခံကြေး တစ်ရာကျပ် အပါအဝင် ကျပ် ၃၀၀၀ ဖြင့်သာ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း အမြန်ရေယာဉ်ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီ ၏ အဖွဲ့ဝင်က ဆက်ပြောသည်။

ကျွန်းစုမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်သည့် ခရီးသည်တင် အမြန်ရေယာဉ်ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီမှ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းစတင်သည့် ဇူလိုင်လ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ရပ်နား ခဲ့ကြသည့် ရေယာဉ်များ ပြန်လည်ပြေးဆွဲပေးတော့မည်ဖြစ်သည်ဟု ကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောသည်။

အမြန်ရေယာဉ်များ ရပ်နားထားသည့် လများအတွင်း ဈေးရောင်းသည်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အရေးပေါ် လူနာများနှင့် ကိစ္စကြီးငယ်ရှိကြသူများမှာ ပိုက်လှေငယ်များ၊ ကုန်တင်သစ်သားခွံလှေကြီးများကို ပိုက်ဆံပေးကာ လှေကြုံတောင်းစီးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

နေ့စဉ်ပုံမှန်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ ရပ်နားလိုက်သည့်အတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက် ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စာရိတ်များ မြင့်တက်မှုများရှိခဲ့သည့်အတွက် ဈေးနှုန်းများမှာ တဟုန် ထိုး ကြီးမြင့်သည့်ဒဏ်ကို ခံနေကြရသည်ဟု ဒေသခံများ က ပြောသည်။

“ကုန်ဈေးနှုန်းလည်း နည်းနည်း ပြန်ကျဆင်းလာနိုင်တယ်။ ဒီကြားထဲမှာ ကိစ္စရှိလို့ မြိတ်(ဘိတ်) တက်ရင် ကြား လှေတွေနဲ့ အကြုံလိုက်ရတယ်။ သွားလာစားရိတ် သောင်းကျော်ကုန်တယ်။ လူလည်း ပင်ပန်းတယ်“ ဟု ကျွန်းစု မြို့က ဒေသခံတစ်ဦး က ပြောသည်။

အဆိုပါ အမြန်ရေယာဉ်ပြေးဆွဲမှုအား မြိတ်မြို့မှ ကျွန်းစုမြို့သို့ ပုံမှန်အချိန်များဖြစ်သည့် နံနက် ၈ နာရီ မှ စတင်ထွက်ခွာမည်ဖြစ်ပြီး အချိန်အားဖြင့် တနာရီကြာမည်ဖြစ်သည်။

ထို့နောက် ကျွန်းစုမြို့မှ မြိတ်မြို့သို့ နံနက် ၉နာရီခွဲ အချိန်တွင် ပြန်လည်ထွက်ခွာမည်ဟု သိရသည်။

နေ့လည်ပိုင်းတွင်လည်း မြိတ်မြို့မှ နေ့လည် ၁၂နာရီ အချိန်တွင် ထွက်ခွာ၍ ကျွန်းစုမြို့မှ မွန်းလွဲ ၁ နာရီခွဲ အချိန် မြိတ်သို့ ပြေးဆွဲသွားမည်ဟု သိရသည်။

ဓါတ်ပုံ ~ CJ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly