မန္တလေးရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီဝင်စီး၊ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ကျောင်းသား ၃ ဦးနှင့် သူနာပြုဆရာမ ဖမ်းဆီးခံရ

မန္တလေးရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီဝင်စီး၊ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ကျောင်းသား ၃ ဦးနှင့် သူနာပြုဆရာမ ဖမ်းဆီးခံရ

အောက်တိုဘာ ၁

မန္တလေးရှိ နေအိမ်တစ်လုံးကို သပိတ်ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီက ဝင်ရောက်စီးနင်းရာ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ကျောင်းသားသုံးဦးနှင့် သူနာပြုတစ်ဦး ဖမ်းဆီးခံခဲ့ရ‌သည်ဟု ကျောက်ဆည် နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂက အောက်တိုဘာ ၁ရက်တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကားငါးစီးနှင့် လာရောက်ကာ လမ်းအရှေ့နှင့် အနောက်ကိုပိတ်ပြီး အိမ်ထဲသို့ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်‌ကြောင်း သိရသည်။

"ကျွန်တော်တို့နေတဲ့ ၄၅/၄၆ လမ်း (၁၁၂) D ထဲကို ညနေခြောက်နာရီခွဲလောက်က စစ်ကားငါးစီးနဲ့ ဝင်စီးတာ ရဲတွေလည်းပါတယ်။ ကျွန်တော်ကတော့ ကံကောင်းထောက်မစွာ အပြင်ရောက်နေပြီး ပြန်အလာ လမ်းထိပ်မှာ လမ်းပိတ်ထားတာနဲ့ ချက်ချင်းလှည့်ပြေးခဲ့လို့ လွတ်ခဲ့တယ်"ဟု ဖမ်းဆီးခံရသူများနှင့် အတူနေထိုင်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံခဲ့ရသူများမှ ကျောင်းသား သုံးဦးသည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေ သပိတ်တပ်ပေါင်းစုတွင် လှုပ်ရှားနေသူများဖြစ်ကာ ဖမ်းဆီးခံခဲ့ရသူများကို နန်းတွင်းထဲတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ညလုံးပေါက် ရိုက်နှက် နှိပ်စက်မှုများရှိနေသည်ဟု ၎င်းကပြောသည်။

ဝင်ရောက်ဖမ်းဆီးရာတွင် ဆိုင်ကယ်များနှင့် အိုးခွက်ပန်းကန်မှအစ သိမ်းယူသွားခဲ့ကာ အဖမ်းခံလိုက်ရသည့် အမျိုးသမီးသည် သူနာပြုဆရာမဖြစ်ပြီး အိမ်အလည်‌လာရာမှ အဖမ်းခံရခြင်းဖြစ်‌ကြောင်း သိရသည်။

"ဖမ်းဆီးခံထားရသူတွေအတွက်ကတော့ မတရားပုဒ်မတွေ အတပ်မခံရအောင် ကြိုးစားရမှာပေါ့ဗျ ။ ပြန်လွတ်ဖို့တော့ လမ်းမမြင်ပါဘူး။ ဖမ်းချင်လို့ ဖမ်းတာပါ။ နောက်ပြီးတော့ ကျောင်းသား၊ပြည်သူ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ကြပါ။ ပြည်သူသာလျှင် အခရာ မို့ ဖမ်းဆီးခံကျောင်းသားများအား ငဲ့ညှာသောအားဖြင့် ပြည်သူတစ်ရပ်လုံးကလည်း ထကြွကြဖို့ ပြောလိုကြောင်း" နည်းပညာတက္ကသိုလ်( ကျောက်ဆည်) ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အလုပ်အမှုဆောင်အဖွဲ့က ပြောသည်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစုကို အခြေခံအလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ ဝန်ထမ်း ကျောင်းသားသမဂ္ဂ လူထုသပိတ်စစ်ကြောင်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တပ်ပေါင်းစု အနေနှင့် လှုပ်ရှားနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly