လှိုင်သာယာဗုံးကွဲမှု စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက်ခဲ့ကြောင်း CGF-HTY ပြော

လှိုင်သာယာဗုံးကွဲမှု စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းထိခိုက်ခဲ့ကြောင်း CGF-HTY ပြော

အောက်တိုဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားအိမ်ယာအနီး ဘုရားလမ်းထိပ်မှတ်တိုင်တွင်ဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုနှင့် အပြန်အလှန်ပစ်မှုအတွင်း စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းထိခိုက်သွားကြောင်း CGF-HTY ပြန်ကြားရေးတာဝန်ရှိသူမှပြောသည်။

လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF-HTY) မှ ဗုံးဖောက်ခွဲမည့်တပ်ဖွဲ့နှင့် ပစ်ခတ်မည့်တပ်ဖွဲ့ဟူ၍ နှစ်ဖွဲ့ခွဲပြီး အောက်တိုဘာ ၁ ရက် နေ့လယ် ၁၂ နာရီခန့်တွင် လုံခြုံရေးရယူနေသည့် စစ်ကောင်စီတပ်သားတချို့အား စစ်ဆင်ရေးပြုလုပ်ရန်စီစဉ်ခဲ့သည်။

သို့သော် CGF-HTY တပ်ဖွဲ့ဝင်များလာနေကြောင်းကို စစ်အုပ်စုဘက်မှသတင်းရရှိခဲ့၍ ပိတ်ဆို့စစ်ဆေးစဉ် နှစ်ဘက်ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အချက်ရေ ၃၀ ကျော်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။

“ မူလအစီအစဉ်အတိုင်း မဖြစ်တော့ဘူးပေါ့ဗျာ။ သူတို့ဘက်က ပိုက်စိပ်တိုက်စစ်တော့ ကျွန်တာ်တို့ဘက်က ဗုံးခွဲတဲ့သူနဲ့၊ ပစ်တဲ့သူနဲ့ရောပြီး ပြေးလိုက်ရတယ်။ ပြေးတဲ့အချိန်မှာပဲ ဒီကောင်တွေ နောက်ကလိုက်ပစ်တဲ့အချိန်မှာ ဗုံးတစ်လုံးကွဲသွားတယ်။ ဒီကောင်တွေလာတဲ့လမ်းကို ဗုံးခွဲလိုက်တာပေါ့။ အဲဒီမှာတင် ဗုံးစမှန်ပြီး သုံးယောက်လောက်လဲသွားတာရှိတယ်။ ပစ်ခတ်မှုကြောင့်လည်း စစ်ကောင်စီတပ်သား လက်မောင်းကျည်ထိသွားတယ် ” ဟု CGF-HTY ပြန်ကြားရေးတာဝန်ရှိသူမှ ပြောသည်။

အဆိုပါ ပစ်ခတ်မှုအပြီး လှိုင်သာယာ မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (CGF-HTY) ဘက်မှ တိမ်းရှောင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူမရှိခဲ့ဟု ၎င်းကဆိုသည်။

စစ်ဆင်ရေးအပြီးတွင် ဘုရင့်နောင်တံတားမှ စစ်ကားအများအပြား လှိုင်သာယာမြို့နယ်အတွင်း ရောက်ရှိလာခဲ့ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly