ကျွန်းလှနှင့် မုံရွာမြို့တို့တွင် ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၄ ဦးသေဆုံး

ကျွန်းလှနှင့် မုံရွာမြို့တို့တွင် ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၄ ဦးသေဆုံး

အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နှင့် မုံရွာမြို့တို့တွင် ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် စုစုပေါင်း လေးဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ရုံးဦးကျောင်းနှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင်တွင် အောက်တိုဘာလ ၁ ရက် နံနက် ခုနှစ်နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဆိုင်တွင်ထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူးဝင်းနိုင်ထွေးနှင့် အရပ်ဝတ်တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တချို့ရှိကြောင်း သိရသည်။

“ဒီမနက်ပိုင်း (ဗုံး) ပေါက်တာက လက်ဖက်ရည်ဆိုင်ထဲမှာ။ ပြည်သူနဲ့ စစ်သားအရာရှိတစ်ဦး သေသွား တယ်လို့တော့ ကြားတယ်။ အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကိုတော့ ကျွန်းလှဆေးရုံကို ပို့ထားတယ်” ဟု ကျွန်းလှဒေသခံ တစ်ဦးက ပြောသည်။

ယင်းဗိုလ်မှုးနှင့်အတူသေဆုံးသွားသူမှာ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် သို့မဟုတ် အရပ်သားပြည်သူ ဟုတ်မဟုတ်ကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

ကျွန်းလှမြို့ ဗုံးဖောက်ခွဲမှုသည် မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားမှု မရှိသေးပါ။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ထိုထိခိုက်ဒဏ်ရာရရှိသူများသည် ကျွန်းလှဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြင့် အတူယှဉ်တွဲ သွားလာခြင်းမပြုကြရန် လိုအပ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ယနေ့ နံနက် ၈ နာရီခန့်က မုံရွာမြို့၊ မြို့ပတ်လမ်း ဇလုပ်အဝိုင်းအနီးတွင်လည်း ဗုံးပေါက်ကွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို Monywa UG Group နှင့် Monywa The Boys အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့က ၎င်းတို့၏ ဖေစ့်ဘွတ်စာမျက်နှာတွင် အသိပေး ထုတ်ပြန်ထားသည်။

ထိုသို့ဆက်တိုက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်သားများက မြို့အဝင်အထွက် ဂိတ်များကို ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly