တရုတ်နှင့် မိတ်ဖက်ဖြစ်ရန် အဆင်သင့် ရှိနေကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့သို့ NUG က ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထား

တရုတ်နှင့် မိတ်ဖက်ဖြစ်ရန် အဆင်သင့် ရှိနေကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့သို့ NUG က ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထား

အောက်တိုဘာ ၁

တရုတ်နှင့်မိတ်ဖက်ဖြစ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )က အဆင်သင့် ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယ‌နေ့ အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အမျိုးသားနေ့အတွက် ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးကို ထောက်ပံ့ခဲ့ပြီး မြန်မာပြည်သူ အားလုံးအတွက် တရုတ်-မြန်မာ ဆက်ဆံရေးကို လမ်းဖွင့်ပေးသည့် တရုတ်အစိုးရ၏ ကတိကဝတ်များ အတွက် NUG အစိုးရက ကျေးဇူးတင်ကြောင်းနှင့် ချစ်ကြည်ရေး တိုးမြင့်အောင် ဆောင်ရွက်ရာတွင် တရုတ်နှင့်မိတ်ဖက်ဖြစ်ရန် NUG အစိုးရက အဆင်သင့်ရှိနေပြီး အနာဂတ်များကို မျှဝေထားသည့် လူ့အဖွဲ့အစည်း အောင်မြင်ဖြစ်ထွန်းရန် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် အပြန်အလှန် ဆက်ဆံရေး အားဖြည့်ရန်အတွက် ဆက်လက် ကတိပြုချင်ပါသည်ဟု သဝဏ်လွှာထဲဲတွင်ဖော်ပြထားသည်ကို တွေ့ရှိရသည်။

" တရုတ်ကွန်မြူနစ် တော်လှန်ရေးက မွေးဖွားပေးလိုက်တဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းဟာ တရုတ်ပြည်သူတွေက ၎င်းတို့ရဲ့ ကံတရားကို ကိုယ်တိုင်ဆုံးဖြတ်ပြီး သမိုင်းခေတ်သစ်ကို ဖွင့်လှစ်လိုက်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒီခေတ်သစ်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာကို လက်လှမ်းမီတဲ့ အားကောင်းတဲ့ နိုင်ငံ ဖြစ်လာပြီး ပြည်သူတွေရဲ့ ကြွယ်ဝမှု တဖြည်းဖြည်း တိုးလာတာကို မှတ်ကျောက်တင် ခံနိုင်လာတာကို မြင်ရတယ်" ဟု ဝန်ကြီးချုပ်က သဝဏ်လွှာထဲတွင် ပြောကြားထားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ (၇၂) ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အနေဖြင့် တရုတ်ပြည်သူအားလုံး ကျန်းမာပျော်ရွှင်စေဖို့ အကောင်းဆုံး ဆုမွန်တောင်းပေးလိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ သဝဏ်လွှာထဲတွင်ဖော်ပြထားသည်။

အိမ်နီးချင်းများ အနေဖြင့် မြန်မာနှင့်တရုတ်တို့သည် အားကောင်းပြီး ထူးခြားသည့် ဆက်ဆံရေးကို နှစ်ပေါင်းများစွာ တည်ထောင်ထားခဲ့ပြီး နှစ်နိုင်ငံလုံးရှိ ပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိခြင်း သေချာစေရန် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေသည်ဟု သဝဏ်လွှာတွင် ဆိုသည်။

လွတ်လပ်ရေးရအပြီး မြန်မာ့ပထမဆုံး ဝန်ကြီးချုပ် ဦးနုသည် ၁၉၅၀ ခုနှစ်တွင် တရုတ်နှင့် သံတမန် ဆက်ဆံရေး ချက်ချင်း စတင်တည်ထောင်ခဲ့ပြီး နိုင်ငံချင်း ချစ်ကြည်ရေးအုတ်မြစ်ကို တည်ဆောက်ရန် တရုတ်ခေါင်းဆောင် မော်စီတုံး၏ ဖိတ်ခေါ်ချက်အရ တရုတ်နိုင်ငံတစ်လွှား ခရီးဆန့်ခဲ့သည်။

မြန်မာအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၁၅ ခုနှစ််တွင်တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးချုပ်က ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required