အာဖဂန်ခုခံတော်လှန်ရေးလှုပ်ရှားမှု၏ အဖွဲ့ဝင်ဟု သင်္ကာမကင်းဖြစ်ခံရသူ၏ ကလေးကို တာလီဘန်တို့ ကွပ်မျက်

By Latestly
01 October 2021
အာဖဂန်ခုခံတော်လှန်ရေးလှုပ်ရှားမှု၏ အဖွဲ့ဝင်ဟု သင်္ကာမကင်းဖြစ်ခံရသူ၏ ကလေးကို တာလီဘန်တို့ ကွပ်မျက်

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့သည် ၎င်းတို့ကို ဆန့်ကျင်သည့် အာဖဂန်ခုခံတော်လှန်ရေးတပ်ဖွဲ့များ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် သင်္ကာမကင်း ဖြစ်ခံရသူ၏ ကလေးတစ်ဦးကို ရက်စက်စွာ ကွပ်မျက်ပစ်ခဲ့ကြောင်း သိရသည်။

တက်ခါ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ လူမဆန်မှု ဖြစ်စဥ်ကို ပန်ဂျ်ရှားချိုင့်ဝှမ်းနှင့် အာဖဂန်နစ္စတန်အခြေအနေနှင့်ပတ်သက်ပြီး သတင်းရေးသားဖော်ပြနေသည့် လွတ်လပ်သော မီဒီယာတစ်ခုဖြစ်သော Panjshir Observer က ဖော်ပြခဲ့ခြင်း ဖြစ်သည်။ “တက်ခါ ပြည်နယ်မှာ ကလေးတစ်ဦးကို တာလီဘန်တို့က ကွပ်မျက်ပစ်ခဲ့ပါတယ်၊ သူ့အဖေဖြစ်သူက ခုခံတော်လှန်ရေးအဖွဲ့ဝင်တစ်ဦး ဖြစ်တယ်ဆိုပြီး သင်္ကာမကင်းဖြစ်ခံခဲ့ရပြီးနောက်မှာ အဲဒီကလေးကို သူတို့ ကွပ်မျက်ခဲ့တာပါ” ဟု Panjshir Observer က တွစ်တာတွင် ရေးသားဖော်ပြသည်။

ထိုဖြစ်စဥ်ကို ကြည့်မည်ဆိုပါက တာလီဘန်တို့သည် ၎င်းတို့ကို ဆန့်ကျင်သဘောထား ပြသသည့် အာဖဂန်များအပေါ် ဖြိုခွင်းနှိမ်နင်းမှုကို ထင်ဟပ်ပြသနေသည်။

တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ယင်းအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုကို ရယူနိုင်ရေး ကြိုးပမ်းမှုအဖြစ် အစွန်းမရောက်၊ အလွန်အကျွံ မဟုတ်သည့် ပုံရိပ်တစ်ခုကို ကမ္ဘာသို့ ပြသနိုင်ရန် ကြိုးပမ်းထားခဲ့သည်။ သို့သော် အကြမ်းဖက်အဖွဲ့သည် ယခင်အတိုင်း တူညီသော အစွန်းရောက်၊ အကြမ်းဖက် ခံယူချက်နှင့်ပင် ပြန်လာခဲ့သည်ဆိုသည်ကို ကဘူးလ်လေဆိပ် မြင်ကွင်းများက သက်သေပြနေခဲ့သည်ဟု ပညာရှင်များက ပြောသည်။ ထို့ပြင် တာလီဘန်တို့သည် အာဖဂန်နစ္စတန်ရှိ ဟယ်လ်မန်းပြည်နယ်ရှိ ဆံသဆိုင်များတွင်လည်း မုတ်ဆိတ်ရိတ်ခြင်း၊ တိခြင်း တို့ကို လုပ်ဆောင်ခြင်းမပြုရန် တားမြစ်ထားသည်။

တာလီဘန်တို့၏ ယခင်အုပ်ချုပ်မှုကာလအတွင်း အကြမ်းဖက်မှုက ၎င်းတို့နှင့် တစ်သားတည်းဖြစ်သည့် လက္ခဏာတစ်ခု ဖြစ်ခဲ့သည်။ သွေးထွက်သံယိုမရှိခဲ့သည့် ကဘူးလ်မြို့တွင် လုပ်ဆောင်ခဲ့သော အာဏာလွှဲပြောင်းမှုမှာလည်း ‘ပုံရိပ်ကောင်း ထွက်စေရေး အစီအစဥ်’ တစိတ်တပိုင်းသာ ဖြစ်ကြောင်း Inside Over က ဖော်ပြသည်။

တာလီဘန်တို့သည် နှစ် ၂၀ ကြာပြီးနောက် လက်ရှိအချိန်တွင် အာဖဂန်နစ္စတန်ကို တကျော့ပြန် ထိန်းချုပ်သွားနိုင်မှုနှင့်အတူ အာဖဂန် အမျိုးသမီးများသည် အကြမ်းဖက်အုပ်စု၏ လက်အောက်တွင် မသေချာမရေရာသော အနာဂတ်တစ်ခုနှင့် ရင်ဆိုင်ရဖွယ်များနေသည်ဟု ပညာရှင်များက ယုံကြည်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly