မနောမြေအသင်း နိုင်ငံခြားသားကစားသမားသစ် သုံးဦး ခေါ်ယူ စာချုပ်

မနောမြေအသင်း နိုင်ငံခြားသားကစားသမားသစ် သုံးဦး ခေါ်ယူ စာချုပ်
မနောမြေ တိုက်စစ်မှူးသစ် ဒိုနယ်အား အသင်းနှင့် စာချုပ်ချုပ်ဆိုစဉ်၌ တွေ့ရစဉ် (ဓာတ်ပုံ-မနောမြေ)

ဒီဇင်ဘာ ၁၉၊ ရန်ကုန်။             ။ ၂၀၁၆ ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၂ ၌ ယှဉ်ပြိုင်ကစားရမည့် မနောမြေအသင်းသည် ရာသီသစ်အတွက် နိုင်ငံခြားသားကစားသမား ၃ ဦးအား တစ်ရာသီ စာချုပ်ဖြင့် ခေါ်ယူစာချုပ်လိုက်သည် ဟု အသင်းမီဒီယာတာဝန်ခံ ကိုဇော်ဇော်က ပြောသည်။

အဆိုပါ နိုင်ငံခြားသားကစားသမားသစ်သုံးဦးမှာ နိုက်ဂျီးရီးယား အလယ်တန်းလူ ဘန်နားဘက်စ်၊ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒိုနယ် နှင့် သြစတြေးလျနောက်ခံလူ အဘူး တို့ ဖြစ်ကြသည်။

“ အသင်းက ဧရာဝတီအသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ နိုင်ငံခြားသားကစားသမားသစ် သုံးဦးကို ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ရာသီစာချုပ်စီနဲ့ပါ။ ဒီကစားသမားကို ခြေစွမ်းစမ်းသပ်ပြီးမှ အသင်းက ဆုံးဖြတ်ပြီး ခေါ်ယူခဲ့တာပါ။ ပြည်တွင်းထဲကတော့ နီမောင်မောင်အောင် အပါအဝင် ကစားသမားသစ်ငါးဦး ခေါ်ထားပါတယ်။ အသင်းက တန်းဆင်းခဲ့ပေမယ့် လာမယ့်ရာသီ တန်းပြန်တက်နိုင်ဖို့ အသင်းပိုင်ရှင်ကလည်း အကောင်းဆုံး ပြင်ဆင်ခိုင်းထားပါတယ်။ နည်းပြသစ် ခန့်ဖို့ကတော့ ခုထိ မဆုံးဖြတ်ရသေးပါဘူး ” ဟု ကိုဇော်ဇော်က လာမည့် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် အသင်းပြင်ဆင်မှုနှင့် ပတ်သက်၍ ပြောသည်။

မနောမြေအသင်းသည် ၂၀၁၆ ဘောလုံးရာသီသစ်အတွက် နိုင်ငံခြားသားကစားသမားသစ်များအပြင် ပြည်တွင်းကစားသမားသစ်များအဖြစ် နီမောင်မောင်အောင်၊ စိုးသူရိန်ထွန်း၊ ဘိုဘိုနိုင်၊ ဖြိုးမောင်မောင်ဆွေ၊ ဟိန်းကျော်သူ အစရှိသည့် ကစားသမားများကိုလည်း နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူအားဖြည့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly