တရုတ်ကျောင်းသားအားပြည်နှင်ဒဏ်ပေးခြင်းအတွက် အမေရိကန်ကို တရုတ် ပြစ်တင်ရှုတ်ချ

တရုတ်ကျောင်းသားအားပြည်နှင်ဒဏ်ပေးခြင်းအတွက် အမေရိကန်ကို တရုတ် ပြစ်တင်ရှုတ်ချ

အမေရိကန်၊ တက္ကဆက်ပြည်နယ်လေဆိပ်တစ်ခုတွင် အမေရိကန်အရာရှိများက တရုတ်ကျောင်းသားတစ်ဦးအား စစ်ဆေးမေးမြန်းခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းကို တရုတ်က ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

ဟူစတန်မြို့ရှိနယ်စပ်ဝင်ပေါက်တွင် တရုတ်ကျောင်းသားတစ်ဦး စစ်ဆေးမေးမြန်းခံရပြီးနောက် ယင်းကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။

နာရီအနည်းငယ်ကြာစုံစမ်းစစ်ဆေးမှုအပြီးတွင် ထိုကျောင်းသားသည် အမေရိကန်မှ နှင်ထုတ်ခံလိုက်ရကြောင်း အမေရိကန်ရှိ တရုတ်သံရုံးမှသတင်းအချက်အလက်ကို ကိုးကားပြီး Global Times က ဖော်ပြခဲ့သည်။

အမေရိကန်၏ လုပ်ဆောင်ချက်သည် ကျောင်းသား၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ချိုးဖောက်ပြီး သူနှင့်သူ၏မိသားစုအားပြင်းထန်သောရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်စေခဲ့သည်ဟု တရုတ်သံရုံးက ဆိုသည်။

ကျောင်းသားများ၏ လူ့အခွင့်အရေးကိုဆိုးရွားစွာချိုးဖောက်နေသည်ဟုစွပ်စွဲကာ အလားတူ မတရားစစ်ဆေးမှု၊ ကြမ်းတမ်းသောမေးမြန်းမှုများလည်း ယခင်က အများအပြားရှိခဲ့ဖူးပြီး အမေရိကန်အရာရှိများက တရုတ် ကျောင်းသားများကိုပြည်နှင်ဒဏ်ပေးသည် များရှိခဲ့သည်ဟု သံရုံးက ကန့်ကွက်ခဲ့သည်။

"နိုင်ငံသားအချင်းချင်း အပြန်အလှန်သွားလာခြင်းသည် တရုတ်-အမေရိကန်ဆက်ဆံရေး၏ လူမှုအခြေခံအုတ်မြစ်ဖြစ်သည်။ အမေရိကန်ရှိ တရုတ်ကျောင်းသားများသည် နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုကိုမြှင့်တင်ရာတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်” ဟု သံရုံးက ဆက်လက်ဆိုသည်။

တရုတ်ကျောင်းသားများအား သံရုံးက ကြိုဆိုသည့် ထုတ်ပြန်ချက်ကို လေးစားရန် အမေရိကန်အား တရုတ်က တိုက်တွန်းခဲ့ပြီး အမျိုးသားလုံခြုံရေးကိုအကြောင်းပြ၍ အလွဲသုံးစားလုပ်ခြင်းကို ရပ်တန့်ရန်တောင်းဆိုခဲ့သည်။

အမေရိကန်နှင့် တရုတ်တို့သည် ကုန်သွယ်ရေး၊ ကိုဗစ်-၁၉၊ လူ့အခွင့်အရေးပြဿနာများနှင့် Quad နှင့် Aukusကဲ့သို့သော အုပ်စုဖွဲ့ခြင်းများ အပါအဝင် ကိစ္စပေါင်းများစွာတွင် အငြင်းပွားနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly