တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိဘက်လူမျိုးများက ဆွစ်ဇာလန်တွင် ကန့်ကွက်ဆန္ဒပြ

တရုတ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိဘက်လူမျိုးများက ဆွစ်ဇာလန်တွင် ကန့်ကွက်ဆန္ဒပြ

ဆွစ်ဇာလန်နှင့် ဗဟိုဥရောပရှိ လက်ချင်စတိတန်းနိုင်ငံများမှ တိဘက် အသိုင်းအဝိုင်း(TCSL) က တိဘက်ဒေသတွင် လူ့အခွင့် အရေးအခြေအနေများ ဆိုးရွားလာသည့်အတွက် တရုတ်ကို ဆန့်ကျင်ကန့်ကွက်သည့် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပွဲတစ်ခုကို ပြုလုပ်ခဲ့သည်။

ဂျီနီဗာမြို့တွင် စက်တင်ဘာ ၂၄ ရက်က ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဆောက်အအုံသို့ ဆန္ဒပြခဲ့ကြသည်။

တိဘက်ဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသည့်အတွက် တရုတ်ကို တာဝန်ခံရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးသို့ ယင်းအသိုင်းအဝိုင်းမှ အဖွဲ့ဝင်များက မေတ္တာရပ်ခံခဲ့ပြီး ၄၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီ အစည်းအဝေးများနှင့် ထုတ်ပြန်ချက်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုပြဿနာများကို တင်ပြရန် တောင်းဆိုခဲ့ကြသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ လိပ်မူထားသောအသနားခံစာတွင် တိဘက်ဒေသ၌ တရုတ်တို့က လူမျိုးရေးရောစပ်မှု မူဝါဒပြင်းထန်လာခြင်း၊ တိဘက်ကလေးများအတွက် နွေရာသီ စစ်ရေး လေ့ကျင့်မှုစခန်းသွင်းမှု မဖြစ်မနေပြုလုပ်ခိုင်းခြင်း၊ ဒီဇီဝင်ပို၊ ကာဇီတိဘက်ဒေသများကို စီချွမ်းပြည်နယ်အတွင်း ပေါင်းထည့်ခြင်းနှင့် ၁၁ ယောက်မြောက် ပန်ချပ်လားမား ပျောက်ဆုံးမှုနှင့် တိဘက်ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အဆက်မပြတ်ချိုးဖောက်သည့် အခြေအနေများအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နှင့် လက်ချင်စတိတန်းနိုင်ငံများရှိ တိဘက် အသိုင်းအဝိုင်း(TCSL) ၏ ဥက္ကဌ ကာမာချိုကြည်က တိဘက်တွင် ပိုမိုဆိုးရွားလာသည့် အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ပြီး တိဘက်ဒေသတွင် နှစ်ပေါင်း ၆၀ ကျော် တရုတ်အာဏာပိုင်များက ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို စုစည်းညီညွတ်မှုဖြင့် တုံ့ပြန်တိုက်ဖျက်ရန် တိဘက်များအား တောင်းဆိုခဲ့သည်။

တိဘက်သည် ကမ္ဘာပေါ်တွင် နိုင်ငံရေးလွတ်လပ်မှု ဒုတိယအနည်းဆုံးဒေသဖြစ်ကြောင်း “ ၂၀၂၁ ခုနှစ် ကမ္ဘာ့လွတ်လပ်မှု-- ဒီမိုကရေစီအတွက် ခေါင်းဆောင်မှုမဲ့ ကြိုးပမ်းမှု” ဟုခေါ်သည့် ကမ္ဘာတစ်ဝန်းမှ နိုင်ငံရေးလွတ်လပ်ခွင့်များကို အခြေခံလေ့လာထားသည့် နောက်ဆုံးထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

တိဘက်ဒေသကို ပေကျင်းအခြေစိုက် တရုတ်ကွန်မြူနစ်ပါတီ အစိုးရက အုပ်ချုပ်ခဲ့ပြီး ဒေသဆိုင်ရာ ဆုံးဖြတ်ချက် ချပိုင်ခွင့်များကို တရုတ်ပါတီတာဝန်ရှိသူများလက်ထဲတွင် ထားရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly