အောင်လံလွှင့်ချီ နွေဦးထီ ကံထူးသူ ၇၅ ဦးတွင် ၆၂ ဦးမှာ ဆုကြေးငွေများကို NUGသို့ ပြန်လည်လှူဒါန်း

အောင်လံလွှင့်ချီ နွေဦးထီ ကံထူးသူ ၇၅ ဦးတွင် ၆၂ ဦးမှာ ဆုကြေးငွေများကို NUGသို့ ပြန်လည်လှူဒါန်း

အောက်တိုဘာ ၁

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အောင်လံလွှင့်ချီ နွေဦးထီရောင်းရငွေ၏ ၃၀%အပေါ် ကံထူးရှင်ရွေးချယ်ခဲ့ရာ ကံထူးသူ ၇၅ ဦးတွင် ၆၂ ဦးမှာ ဆုကြေးငွေများကို ပြန်လည် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၁ ရက်တွင် အောင်လံလွှင့်ချီ နွေဦးထီ ပေါက်စဉ်ကို ထုတ်ပြန်ခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ Computerized Random Selection (ကွန်ပျူတာဖြင့်ကျပန်းရွေးချယ်ခြင်း) ဖြင့် ကံထူးရှင်နံပါတ်များကိုရွေးချယ်ခဲ့ရာ ကံထူးသူ ၇၅ ဦးထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထီဆုတစ်ဆုလျှင် ၁၅ သိန်းအညီအမျှ သတ်မှတ်ထားပြီး ၆၂ ဦးမှ ပြန်လှူသည့် အလှူငွေသည် သိန်း၉၃၀ ကျပ်ဖြစ်သည်။

" ကံထူးခဲ့တဲ့ ၇၅ ဦးထဲမှ ၆၂ ဦးဟာ မိမိတို့ရရှိတဲ့ဆုကြေးငွေများအား ပြန်လည်လှူဒါန်းဖို့ဆန္ဒပြုထား ကြတာကို အားတက်ဖွယ်ရာမြင်တွေ့ရပါတယ်။ ပြန်လည်လှူဒါန်းကြသူများကို အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးပို့သွားမှာဖြစ်ပါတယ်။ ပြည်သူအပေါင်းရဲ့တက်ကြွတဲ့တော်လှန်ရေးစိတ်ဓာတ်၊ အောင်စိတ်အပြည့်နဲ့ ဆက်လက်ချီတက်ကြမယ်ဆိုရင် ပြည်သူတို့ရဲ့နွေဦးတော်လှန်ရေးဟာ ကြိမ်းသေအောင်မြင်မှာပါ" ဟု ‌အောင်လံလွှင့်ချီ နွေဦးထီ ‌ပေ့ချ်မှ ထုတ်ပြန်ထားသည်။

နွေဦးထီ ကံထူးရှင်များ၏ လုံခြုံရေးအရ ကံထူးရှင်များကို နွေဦးထီ Agent များမှ တိုက်ရိုက်ဆက်သွယ်လာမည်ဖြစ်သလို နွေဦးထီ Page Chat Boxt ထဲကို ဝင်ကာ Chat Bot Cards လေးများထဲမှ ‘ထီပေါက်စဉ်’ ဆိုသည့် card များကိုနှိပ်ပြီးဝင်ရောက် ထီတိုက်၍ရမည် ဖြစ်သည်။

ထီတစ်စောင်ကို ၂၀၀၀ ကျပ်သက်မှတ်ပြီး အနည်းဆုံး ငါးစောင်မှ အများဆုံး အစောင်၅၀ အထိ ရောင်းချပေးခဲ့ရာ အစောင်ရေ သိန်းချီရောင်းချခဲ့ရကြောင်း သိရသည် ။ ထီရောင်းချရသည့်ငွေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ပြည်သူ့ဝန်ထမ်း CDM သမားများထံသို့ လွှဲအပ်သွားမည် ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည် ပေးအပ်သွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly