နေပြည်တော်ရှိ စစ်ကောင်စီတပ် ကကဝယ်ညွှန်မှူးရုံးတွင်း ဗုံးပေါက်ကွဲ၊ ပြင်းထန်သည့်တိုက်ခိုက်မှုများဆက်လုပ်သွားမည်ဟု PDF ပြော

နေပြည်တော်ရှိ စစ်ကောင်စီတပ် ကကဝယ်ညွှန်မှူးရုံးတွင်း ဗုံးပေါက်ကွဲ၊ ပြင်းထန်သည့်တိုက်ခိုက်မှုများဆက်လုပ်သွားမည်ဟု PDF ပြော

အောက်တိုဘာ ၁

အာဏာသိမ်းစစ်တပ်၏ ဗဟိုချက်မဖြစ်သော နေပြည်တော်ရှိ ကကဝယ်ဟု လူသိများသော ကာကွယ်ရေးဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူး ရုံးတွင် ယမန်နေ့ညနေက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု အွန်လိုင်းတွင် ပေါက်ကြားလာသော စစ်ကောင်စီတပ်တွင်း စာရွက်စာတမ်းများအရသိရသည်။

စက်တင်ဘာလ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် နေပြည်တော် " ပုဗ္ဗသီရိမြို့နယ် ဘုရင့်နောင်ရပ်ကွက်ရှိ ကကဝယ်ညွှန်မှူးရုံး စင်ဝင်အောက် ယာဘက်ခြမ်းရှိ အမြင့်နှစ်ပေခွဲခန့်၊ လုံးပတ်နှစ်ပေခွဲခန့်ရှိ အနီရောင်ပန်းအိုးအတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ" ဟု လုံခြုံရေး အစီရင်ခံစာတွင်ပါရှိသည်။

" စင်ဝင်အောက်တွင်ရပ်တန့်ထားသည့် ယာဉ်အမှတ် ကြယ် ၇၃၁၄ (စ) Highlander (အစိမ်းရောင်) ယာဉ်၏ ရှေ့မီးသီးများ၊ လေကာမှန်၊ နောက်ဘယ် ဘက်ခြမ်း စင်ကနယ်မီးသီး၊ အဆောက်အဦစင်ဝင်မျက် နှာကြက်များ၊ အဆောက်အဦ ကော်ရက်တာ မျက်နှာကြက်များထိခိုက်ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များထိခိုက်ဒဏ်ရာရရမှုမရှိကြောင်း သိရှိရ" ဟု လည်းပါရှိသည်။

ထိုဖောက်ခွဲမှုအား နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်နှင့် အမည်မဖော်လို သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုတို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

နေပြည်တော် PDF ပြန်ကြားရေး တာဝန်ခံက “ကကဝယ် ညွှန်မှူးရုံးဆိုတာ ကတော့ စစ်ကောင်စီရဲ့ စစ်လက်နက်နဲ့ ရိက္ခာတို့ ယူနီဖောင်းတို့ဒါမျိုးတွေကို ဝယ်ယူပေးတဲ့ဌာနပါ၊ မနေ့ကပေါက်ကွဲမှုမှာတော့ အဆောက်အဦတော့ တော်တော် ပျက်စီးသွားတယ် ” ဟုပြောသည်။

နေပြည်တော်တွင် ပြင်းထန်သည့် တိုက်ခိုက်မှုများအား နေပြည်တော် PDF က ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုလိုက် သည်။

“ပြည်သူတွေအနေနဲ့လည်း ဒီလိုကိစ္စတွေဖြစ်လာရင် ဘေးလွတ်ရာမှာပဲနေဖို့ ပြီးတော့စူးစမ်းပြီးထွက်ကြည့်တာမျိုးတွေမလုပ်ကြဖို့ အနူးအညွတ်တောင်း ဆိုပါတယ်” ဟုလည်း သူက သတင်းပါးလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required