အိန္ဒိယနှင့် ဆက်ဆံရေး ပိုမိုအားကောင်း နီးကပ် ခိုင်မာလာမည်ဟု အမေရိကန်သမ္မတပြောကြား

By Agencies
01 October 2021
အိန္ဒိယနှင့် ဆက်ဆံရေး ပိုမိုအားကောင်း နီးကပ် ခိုင်မာလာမည်ဟု အမေရိကန်သမ္မတပြောကြား

ကမ္ဘာ့အင်အားအကြီးဆုံး ဒီမိုကရေစီ ၂ နိုင်ငံဖြစ်သည့် အမေရိကန်နှင့် အိန္ဒိယတို့အကြား ဆက်ဆံရေးသည် ပိုမို အားကောင်း နီးစပ် ခိုင်မာလာမည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီအား အိမ်ဖြူတော်၌ လက်ခံတွေဆုံရာတွင် ပြောကြားလိုက်သည်။

၎င်းတို့ ၂နှစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး၊ ကမ္ဘာရာသီဥတုပြောင်းလဲခြင်း၊ ကုန်သွယ်ရေးနှင့် အင်ဒို-ပစိဖိတ်ဒေသအကြောင်းအရာများအပါအဝင် ဦးစားရေးကဏ္ဍအများအပြားကို ဆွေးနွေးခဲ့ကြသည်။

ယခုရာစုနှစ်၏ တတိယမြောက် ၁၀ စုနှစ်အစတွင် တွေ့ဆုံခြင်းကြောင့် ယခုတွေ့ဆုံမှုသည် အရေးကြီးကြောင်း မိုဒီက ပြောကြားသည်။ မိုဒီသည် Qualcomm၊ Adobe၊ First Solar၊ General Atomics နှင့် Blackstone ကုမ္ပဏီတို့မှ အမှုဆောင်အရာရှိချုပ်များနှင့် တစ်ဦးချင်းစီတွေ့ဆုံကာ ဒရုန်းထုတ်လုပ်မှု ကိစ္စရပ်များ၊ 5G၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင် နေရောင်ခြည်စွမ်းအင်ကိစ္စရပ်များအပါအဝင် ကဏ္ဍအများအပြားကို ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယ၏ ကြီးမားသော အခွင့်အလမ်းများကို ရှင်းလင်းပြောကြားကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမို လာရောက်လုပ်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။

ဘိုင်ဒင်နှင့် မိုဒီတို့၏ တွေ့ဆုံပွဲတွင် အမေရိကန်နှင့် အိန္ဒိယဆက်ဆံရေးအတွက် ကတိကဝတ်များ၊ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်မှုတွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရာသီဥတုဖောက်ပြန်မှုနှင့် ရွေ့ပြောင်းအခြေချ နေနိုင်သူများကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် စိန်ခေါ်မှု အများအပြားကို အမေရိကန်နှင့် အိန္ဒိယတို့ လက်တွဲ ဖြေရှင်းနိုင်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

မိုဒီကလည်း ကုန်သွယ်ရေးကိစ္စအရေးပါမှုကို ဆွေးနွေးခဲ့သည်။

ယခု ၁၀ စုနှစ်ကို ကျွမ်းကျင်မှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးဖြင့် ပုံဖော်ရမည်ဖြစ်ကြောင်း မိုဒီက ထည့်သွင်းပြောကြားသည်။ “အိန္ဒိယကနေ ရွှေ့ပြောင်းနေထိုင်သူတွေက အမေရိကန်ရဲ့ တိုးတက်အောင်မြင်မှုမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေတဲ့အပေါ် ဝမ်းမြောက်ပါတယ်။ နည်းပညာက အဓိကကျတဲ့ တွန်းအားတစ်ရပ် ဖြစ်လာပါပြီ” ဟု လည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly