မြောက်ကိုရီးယားက လေယာဉ်ဖျက်ဒုံးကျည် စမ်းသပ်ပစ်လွှတ် 

မြောက်ကိုရီးယားက လေယာဉ်ဖျက်ဒုံးကျည် စမ်းသပ်ပစ်လွှတ် 
Photo - AFP

အောက်တိုဘာ ၁

လက်နက်စမ်းသပ်မှုတွေ တက်သုတ်ရိုက် လုပ်ဆောင်နေတဲ့ နျူကလီးယားလက်နက်နိုင်ငံ  မြောက်ကိုရီးယားဟာ လေယာဉ်ဖျက်ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ သောကြာနေ့မှာ နိုင်ငံပိုင်သတင်းက ဖော်ပြပါတယ်။ 

အခု လေယာဉ်ဖျက်ဒုံးကျည်ဟာ ‘အံ့မခန်း တိုက်ခိုက်ရေး စွမ်းပကား’ ရှိထားပြီး ဒုံးကျည်မှာ ပဲ့ထိန်းတက်မ နှစ်ခုနဲ့ အခြားနည်းပညာတွေ ပါဝင်ကြောင်း နိုင်ငံပိုင် KCNA သတင်းက ဆိုပါတယ်။ 

ကြာသပတေးနေ့မှာ ပစ်လွှတ်ယာဉ်ပေါ်ကနေ ကောင်းကင်ထဲ ထောင့်ချိုး ထောင်တက်သွားတဲ့ ဒုံးကျည်ရဲ့ ဓာတ်ပုံကို နိုင်ငံပိုင် Rodong Sinmun သတင်းစာက ဖော်ပြခဲ့ပါတယ်။ 

အခုလို ပစ်လွှတ်မှုဟာ ဇန်နဝါရီလ အမေရိကန်မှာ အစိုးရ အပြောင်းအလဲကတည်းက ခုချိန်ထိ မြောက်ကိုရီးယားက ခင်းကျင်းလာတဲ့ တင်းမာမှု မြင့်မားစေတဲ့ လုပ်ရပ်တွေရဲ့ နောက်ဆုံး လုပ်ရပ်တစ်ရပ်လည်း ဖြစ်ပါတယ်။ 

စက်တင်ဘာလအတွင်းမှာ တာဝေးခရုစ်ဒုံးကျည်ဆိုတာကို ပစ်လွှတ်ခဲ့ပြီး အခု သီတင်းပတ်အစောပိုင်းမှာလည်း အသံထက်မြန်ဒုံးကျည်လို့ ဆိုထားတဲ့ ပစ်လွှတ်မှုကို မြောက်ကိုရီးယားက စမ်းသပ်လုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယား စစ်တပ်ကတော့ မြောက်ကိုရီးယားရဲ့ အသံထက်မြန်ဒုံးကျည်ဟာ တီထွင်ထုတ်လုပ်မှု အစောပိုင်းအဆင့်မှာပဲ ရှိသေးပုံရတယ်လို့ ပြောပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ဟာ အမေရိကန်ဖက်ကနေ ကြိုတင်သတ်မှတ်ချက်တွေ မရှိဘဲ ပြောဆိုဆွေးနွေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းနေတာနဲ့ ပတ်သက်ပြီး ‘ကလိမ်စေ့ဉာဏ် ပရိယာယ်ဆင်’ တာအဖြစ် ရှုတ်ချပြောဆိုကြောင်း ဒီ သီတင်းပတ်မှာပဲ KCNA သတင်းက ဖော်ပြပါတယ်။ 

အမေရိကန်အစိုးရသစ်ဟာ အရင် အဆက်ဆက်က အစိုးရတွေအတိုင်း ‘ရန်လိုတဲ့ မူဝါဒ’ ကို ဆက်လက်ကျင့်သုံးနေတယ်လို့ နိုင်ငံရဲ့ လက်ညိုးထောင်ခေါင်းညိတ်လွှတ်တော်ကို မိန့်ခွန်းပြောဆိုရာမှာ ကင်ဂျုံးအွန်က စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အခု နောက်ဆုံး ပစ်လွှတ်တဲ့ လေယာဉ်ဖျက်ဒုံးကျည်နဲ့ ပတ်သက်လို့ ချက်ချင်း အတည်မပြုနိုင်သေးဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အေအက်ဖ်ပီကို ပြောပါတယ်။ 

လေယာဉ်ဖျက်ဒုံးကျည်တွေဟာ ပဲထိန်းဒုံးကျည်တွေထက် အတော်လေး သေးငယ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ မြောက်ကိုရီးယားကို တီထွင်ထုတ်လုပ်ခြင်း တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီ ဒုံးကျည်တွေဟာ အဝေးကနေ ထောက်လှမ်းသိရှိနိုင်ဖို့လည်း ပိုပြီး ခက်ခဲတဲ့ ဒုံးကျည်တွေပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required