၂၀၁၆ဘောလုံးရာသီအတွက် ထိပ်သီးအသင်းအချို့ စံချိန်တင်ငွေသုံးစွဲမှုပြုလုပ်နေ

၂၀၁၆ဘောလုံးရာသီအတွက် ထိပ်သီးအသင်းအချို့ စံချိန်တင်ငွေသုံးစွဲမှုပြုလုပ်နေ
ယခုနှစ်ရာသီတွင်ငွေကြေးစံချိန်တင်သုံးစွဲရန်လျာထားသည့် ရှမ်းယူနိုက်တက်အသင်း။ (ဓာတ်ပုံ- ရှမ်းယူနိုက်တက်)

၂၀၀၉ခုနှစ်က စတင်ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် တစ်နှစ်ထက်တစ်နှစ် ကလပ်အသင်းများ အသုံးစရိတ်လျှော့ချ သုံးစွဲလာသော်လည်း ၂၀၁၆ ဘောလုံးရာသီအတွက်မူ ထိပ်သီးအသင်းအချို့ ငွေကြေးစံချိန်တင်သုံးစွဲမှုများပြုလုပ်နေကြသည်။

မြန်မာနေရှင်နယ်လိဂ် ထိပ်သီးအသင်းတစ်သင်းဖြစ်သော ရှမ်းယူနိုက်တက်(ယခင် ကမ္ဘောဇ)အသင်းသည် လာမည့်နှစ်ဘောလုံးရာသီတွင် ချန်ပီယံဖြစ်ရန် ရည်မှန်းပြင်ဆင်နေပြီး   ပြည်တွင်း ထိပ်တန်း ကစားသမားများကို ခေါ်ယူထားသလို ပြည်ပ ကစားသမားခေါ်ယူရန်လည်း အင်္ဂလန်ပထမတန်း ကလပ် ကျုပီအာကစားသမားဟောင်း အပါအဝင်   ခြေစွမ်းမြင့် ထိပ်တန်း ကစားသမားများကို ခြေစွမ်းစမ်းသပ်နေသည်။

“ကျွန်တော်တို့အသင်းက ၂၀၁၆ဘောလုံးရာသီအတွက် စံချိန်တင်ငွေကြေးသုံးစွဲဖို့လျာထားတယ်။ လက်ရွေးစင် ကစားသမားတွေခေါ်ထားတယ်။ နိုင်ငံခြားသားကစားသမားတွေကိုလည်း အရည်အသွေးမြင့်ကစားသမားတွေ ခေါ်မှာပါ။ ဒီအတွက် ငွေကြေးသုံးစွဲမှုကို ကန့်သတ်ထားတာမရှိပါဘူး။”ဟု ရှမ်းယူနိုက်တက်အသင်းဒု-ဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဦး ကပြောသည်။

မြန်မာနေရှင်နယ်လိဂ်ထိပ်တန်းအသင်းများ၏ တစ်နှစ်ကုန်ကျစရိတ်မှာ မြန်မာငွေကျပ်သိန်းတစ်သောင်းခန့်ရှိပြီး နိုင်ငံခြားသားကစားသမားလစာပေးချေမှုမှာ တစ်နှစ် အမေရိကန်ဒေါ်လာ   နှစ်သိန်းဝန်းကျင်ခန့်ရှိသည်။

“ဆရာတို့အသင်းအနေနဲ့ကုန်ကျစရိတ်က တစ်နှစ်ကို သိန်းတစ်သောင်းကျော်ပုံမှန်ရှိတယ်။ လာမယ့်နှစ်အတွက် လည်းဒီပမာဏကိုပဲ သုံးမှာပါ။ လျှော့ဖို့မရှိပါဘူး။ စပွန်ဆာတွေအတွက်လည်း ညှိုနှိုင်းနေပါတယ်။”ဟု ရတနာပုံအသင်း ပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းကပြောသည်။

မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများမှာ အသင်းပိုင်ရှင်တစ်ဦးတည်း၏ ငွေကြေးဖြင့်သာလည်ပတ်နေရပြီး ပြည်တွင်းပြည်ပလုပ်ငန်းရှင်များထံမှ စပွန်ဆာရရှိခြင်းမရှိသေးပေ။

၂၀၁၆ဘောလုံးရာသီအတွက် မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများတွင် ဝတ်စုံစပွန်ဆာရရှိထားသောအသင်း ၃သင်းသာရှိပြီး ဧရာဝတီအသင်းနှင့်ကမ္ဘောဇအသင်းကို ထိုင်းအားကစားပစ္စည်းကုမ္ပဏီ FBT ၊ ရန်ကုန်ယူနိုက်တက်အသင်းကို ထိုင်းအားကစားပစ္စည်းကုမ္ပဏီ Grand Sport တို့ကစပွန်ဆာပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly