အကြမ်းဖက်စစ်အုပ်စု အထိနာနေတဲ့ တာဝါတိုင်မစ်ရှင်

အကြမ်းဖက်စစ်အုပ်စု အထိနာနေတဲ့ တာဝါတိုင်မစ်ရှင်

စက်တင်ဘာ ၃၀

လူပေါင်းထောင်ချီ သေဆုံးမှုတွေကို နှုတ်ဆိတ်နေခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်တပ်နဲ့ သူ့မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြိုလဲသွားမှာကိုတော့ အလွန်စိုးရိမ်ကြောက်ရွံ့ နေဟန်ရှိပါတယ်။

စစ်အုပ်စုပိုင်ဆိုင်မှု ဖြစ်တဲ့ မိုင်တဲလ် မိုးဘိုင်း ဆက်သွယ်ရေး တာဝါတိုင်တွေ ဖျက်စီးခံနေရတဲ့ အခုလို အချိန်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စိုးရိမ်မှုတွေကို အတိုင်းသား မြင်တွေ့ လာရပါတယ်။

တာဝါတိုင်တစ်တိုင် ဖျက်ဆီးခံရတိုင်း အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့  အပြစ်မဲ့ အရပ်သား ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးတာ၊ စစ်ကောင်စီတပ်သားတွေကို အရပ်ဝတ်နဲ့ တာဝါတိုင်လုံခြုံရေး ယူစေတာ၊ တာဝါတိုင်အနီး မြေမြှုပ်မိုင်း ထောင်ခဲ့တာတွေက သက်သေပါ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေ အနေနဲ့ ယောကျာ်းပီပီ စစ်တပ်နဲ့ လာရောက် တိုက်ခိုက်ပါ၊ သက်မဲ့ မိုင်တဲလ် တာဝါတိုင်တွေကို မတိုက်ပါနဲ့လို့ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ရတဲ့ အထိ ဖြစ်ခဲ့တာပါ။

"တစုံတစ်ဦး၊ တစ်စုတစ်ဖွဲ့  ပျက်စီးပါစေဆိုတဲ့ စိတ်နဲ့ လုပ်နေကြတာဆိုရင်တော့ ဒါ တော်တော် လူသားမဆန်တဲ့ အလုပ်လို့ ကျွန်တော်ပြောချင်တယ်"လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောဆိုခဲ့တာပါ။

ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံကောင်းစားရေးကြောင့် အာဏာထိန်းရတယ် ဆိုတဲ့စကားတွေ လှိုင်လှိုင်သုံးနေတဲ့ စစ်ခေါင်းဆောင်ဟာ အဖက်ဖက်က ကြပ်တည်းလာတဲ့ ပြည်သူတွေကို  မငဲ့ကွက်ဘဲ ၎င်းရဲ့  စီးပွားရေးလုပ်ငန်း ထိခိုက်မှုနဲ့  ပတ်သက်ပြီး  ပြောဆိုခဲ့တာပါ။

စစ်ခေါင်းဆောင်ရဲ့ အဲ့ဒီလိုပြောဆိုမှုက တပ်မတော်ကို ခိုင်ခိုင်မာမာ ထောက်ခံနေကြတဲ့ အဖွဲ့အစည်းများ ကြားလည်း အတော် ဂယက်ရိုတ်သွားပါသေးတယ်။

"တပ်ထောက်ခံသူတွေရော၊တပ်မတော်သားတွေပါ နေ့စဥ် သေနေကြတဲ့အချိန်မှာ ခေါင်းဆောင်က ဒီလိုမျိုး ပြောလိုက်တဲ့အပေါ်တော့ အံ့သြမိတာပေါ့။ တခြားတော့မိန့်စရာမရှိပါဘူး"ဟု မဘသ အဖွဲ့အစည်းက သံဃာတစ်ပါးက မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင်တပ်ထောက်ခံ ကြံ့ခိုင်ရေးပါတီဝင်တွေကလည်း တပ်မတော်ထောက်ခံသူတွေသေဆုံးနေပြီး ကျန်တဲ့တပ်ထောက်ခံသူတွေ အန္တရာယ်များချိန်မှာ ကာကွယ်မှုမပေးဘဲ တာဝါတိုင်ကိစ္စပြောဆိုတာနဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်မှာ ဝေဖန်ရေးသားမှုတွေ ရှိခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေက တပ်နဲ့ပတ်သက်တဲ့  စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ လုပ်ဆောင်ရာမှာ မိုင်တဲလ် (Mytel ) ဆက်သွယ်ရေးလုပ်ငန်းဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မိုင်တဲတာဝါတိုင်တွေကို နယ်မြေခံ PDF တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ကြပြီး Mizzima က ရရှိထားတဲ့သတင်းအရ ဇွန်လကနေ စက်တင်ဘာလအထိ တာဝါတိုင်ပေါင်း ၉၄ တိုင်ထိ ရှိပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ဖျက်ဆီးခံရတဲ့ တာဝါတိုင် ၆၂ တိုင်ရှိပြီး  မန္တလေးတိုင်းက ၁၇ တိုင်အထိ  ရှိပါတယ်။ တာဝါတိုင်ဖျက်ဆီးခံရမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေဟာ တာဝါတိုင်  အနီးနားက ကျေးရွာတွေက  ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ  လုပ်ဆောင်ကြပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့မှာ မကွေးမြို့ ကန်သာ ၁၈ လမ်းက  တာဝါတိုင် ဗုံးပေါက်ကွဲခဲ့ပြီး လမ်းခင်းနေတဲ့ လမ်းလုပ်သားနဲ့ လမ်းအတွင်း နေထိုင်ကြတဲ့ ဒေသခံပြည်သူအယောက် ၅၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။

အဆိုပါ တာဝါတိုင်ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး No Chair ပြောက်ကျားတပ်ဖွဲ့က  သူတို့ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ထုတ်ပြန်ထားပေမယ့် စစ်ကောင်စီ တပ်သားတွေကတော့ လမ်းလုပ်သားနဲ့ ၁၈လမ်းက  ပြည်သူတွေကို ဖမ်းဆီးသွားပါတယ်။

" ဗုံးကွဲပြီး သိပ်မကြာဘူး။ စစ်တပ်ရောက်လာပြီး လမ်းလုပ်သားတွေကို အရင်ဖမ်းပြီး ၁၈ လမ်းအတွင်းက အသက် ၁၈ နှစ်ကျော်တဲ့ ယောက်ျား၊ မိန်းမ အကုန်ဖမ်းသွားတာ"လို့ ဒေသခံ ပြည်သူတစ်ဦးက  ဆိုပါတယ်။

ဒီလိုမျိုးဖြစ်ရပ်ဟာ မကွေးမြို့တင်မဟုတ်ဘဲ တစ်နိုင်ငံလုံးမှာဖြစ်ပေါ်နေတာပါ။  ပြီးခဲ့တဲ့  စက်တင်ဘာလ ၁၂ ရက်နေ့က တောင်တွင်းကြီးမြို့နယ်  အိုးပေါက်ရွာနဲ့ မိုင်အနည်းငယ်သာဝေးတဲ့ ကုက္ကိုကုန်းကျေးရွာ  အနီးက Mytel တာဝါတိုင်  ဖျက်စီးခံရလို့ စစ်တပ်က  ရွာသားတွေကို  ပစ်ခတ်ဖမ်းဆီးတာကြောင့် ဒေသခံတချို့ သေဆုံးတဲ့အထိ  ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာလ အလယ်မှာပဲ တာဝါတိုင်တွေကို ကာကွယ်ဖို့  လျှို့ဝှက်စာတစ်စောင် အင်တာနက်ပေါ် ပြန့်နှံ့ခဲ့ပါတယ်။  အဲဒီစာမှာတော့ ရဲစခန်းတွေ  အနီးနားမှာရှိတဲ့  တာဝါတိုင်တွေကို ကာကွယ်ကြဖို့နဲ့ ရဲစခန်းနဲ့ဝေးတဲ့  တာဝါတိုင်တွေကို စစ်တပ်နဲ့  ပူးပေါင်းကာကွယ် အရေးယူကြဖို့ ပါရှိပါတယ်။

အဲဒါတွေအပြင်  စစ်တပ်က မိုင်တယ်တာဝါတိုင်တွေအနီး ဗုံးထောင်ပြီး စောင့်ကြည့်တာတွေကို လုပ်ခဲ့ပါတယ်။ စက်တင်ဘာလ တတိယအပတ်ထဲမှာပဲ မူဆယ်မြို့မှာ မိုင်တဲတာဝါတိုင်  ပြုပြင်ဖို့လာတဲ့ အရပ်သားတစ်ဦးက စစ်တပ်က  ထောင်တဲ့ဗုံးကို  ပြန်နင်းမိသွားပြီး  ခြေပြတ်ဒဏ်ရာ  ရရှိခဲ့ပါသေးတယ်။

ဒီဖြစ်ရပ်တွေဟာ  စစ်ခေါင်းဆောင်ရဲ့  စီးပွားရေးစိုးရိမ်ပူပန်မှုကို  မီးမောင်းထိုးပြနေပါတယ်။ ဒီစိုးရိမ်မှုရဲ့ နောက်ကွယ်မှာ အကျိုးစီးပွားတွေက ခိုင်ခိုင်လုံလုံ  ရှိနေပါတယ်။

Mytel ကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ ဗီယက်နာမ်စစ်တပ်ရဲ့ ပူးပေါင်းစီးပွားရေးလုပ်ငန်းဖြစ်ပြီး အစုရှယ်ရာတွေကိုတော့ ဗိယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဗိယက်တဲလ် (Viettel) က ရှယ်ယာ ၄၉% ၊ မြန်မာစစ်တပ်ရဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပိုင်တဲ့ Star High Company က ရှယ်ယာ ၂၈% ပါဝင်ထားပြီးကျန်တဲ့ ရှယ်ယာ ၂၃ % ကိုတော့ မြန်မာကုမ္ပဏီ ၁၁ ခု ပူးပေါင်းဖွဲ့စည်းထားတဲ့ Myanmar National Telecom Holding က ပိုင်ဆိုင်ထားပါတယ်။ ဒီကုမ္ပဏီ ၁၁ ခုဟာလည်း စစ်တပ်နဲ့ နှီးနွယ် ပတ်သတ်ခဲ့ သူတွေ အများစု ပိုင်ဆိုင်ထားကြပါတယ်။ မိုင်တဲဝက်ဆိုက်မှာ လုပ်ငန်း ရှယ်ယာပိုင်ဆိုင်မှု ဖော်ပြရာမှာ Star High Company ကို အစိုးရပိုင်ဆိုပြီးလုပ်ခဲ့ပေမယ့် အဲ့ဒီက အကျိုးအမြတ်ခွဲဝေမှုတွေက တကယ်တော့ အစိုးရဝင်ငွေထဲကို မရောက်ခဲ့ပါဘူး။ ဒါကို Justic for Myanmar ကလည်း ဖော်ထုတ်ခဲ့ ဖူးပါတယ်။ ဒါဟာ စစ်တပ်ရဲ့ ကလိမ်ကကျစ်ပေါင်း များစွာထဲက တစ်ခုသာပါပဲ။ မြန်မာပြည်အတွက် ပြည်သူ့ငွေနဲ့ စစ်တပ်ကို ပြန်အကျိုးပြုနေတဲ့ စီးပွားရေးလုပ်ငန်းကြီးပါ။

ဒါ့အပြင် Mytel  တာဝါတိုင်တွေကို  ဆောက်လုပ်နေတဲ့ Pinnacle Asia ကုမ္ပဏီဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်  ရှယ်ယာရှင်အဖြစ် ပါဝင်တဲ့ ကုမ္ပဏီပါ။ Pinnacle Asia ကုမ္ပဏီကို ၂၀၁၆ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး မိုင်တယ်ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်မှာ လိုင်စင်ရရှိပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ  စတင်ဝန်ဆောင်မှု ပေးခဲ့တာပါ။

မိုင်တဲလ်ဟာ စျေးကွက်အတွင်း  စတင်ဝင်ရောက်လာပြီး သတ်မှတ်စျေးထက် လျှော့ချကာ မတရား စျေးကွက်ထိုးဖောက်မှုကြောင့် နှစ်လအတွင်းသုံးစွဲသူ (၂.၄) သန်းအထိ ရရှိလာခဲ့ပါတယ်။

စစ်အုပ်စု ခေါင်းဆောင်တွေက မိုင်တယ်ဆက်သွယ်ရေးလုပ်ငန်းကနေ ၁၀နှစ်အတွင်း ဒေါ်လာသန်း (၇၀၀) ကျော် ခံစားခွင့် ရရှိမှာဖြစ်တယ်လို့ Justice for Myanmarအဖွဲ့ကလည်း ဖော်ထုတ် ထားပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ မိုင်တဲလ်မြန်မာဟာ စျေးကွက်ရဲ့  ၂၅% အထိ ထိန်းချုပ်ထားနိုင်ပြီလို့ စစ်တမ်းတချို့က ဖော်ပြ ထားပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့အာဏာသိမ်းချိန်မှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ သပိတ်မှောက်တဲ့အထဲ မိုင်တဲလ် ပါဝင်ခဲ့ပြီးနောက် မတ်လမှာပဲ ဒေါ်ခင်သီရိသက်မွန်က Pinnacle Asia  ကုမ္ပဏီကနေ ရှယ်ယာရှင်အဖြစ်  နှုတ်ထွက်ကြောင်း သတင်း ထွက်ပေါ်ခဲ့ပါတယ်။

စစ်တပ်အသိုင်းဝိုင်းက လူတွေ  ဘယ်လိုပဲ  နာမည်မခံပါစေ တာဝါတိုင်ကုမ္ပဏီတွေရဲ့ ကန်ထရိုက်တွေကို ဗီယက်နာမ် စစ်တပ်နဲ့  နီးစပ်တဲ့ ဗီယက်နာမ်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်နဲ့  နီးစပ်တဲ့သူတွေကသာ ကန်ထရိုက်  ရရှိထားတယ်လို့ တာဝါတိုင်ဆောက်လုပ်ရေးမှာ  ပါဝင်တဲ့အင်ဂျင်နီယာ  တစ်ဦးက   ဆိုပါတယ်။

ဗီယက်နာမ်ပိုင် ကုမ္ပဏီတစ်ခုက တာဝါတိုင်ဆောက်လုပ်ရေးဌာနမှာ လုပ်ကိုင်နေသူ စစ်ကိုင်းတိုင်းက အင်ဂျင်နီယာတစ်ဦးကတော့ " ကြာပြီ၊ မိုင်တဲတိုင်တွေပဲလိုက်စိုက်နေရတယ်။ နယ်မြေ မကောင်းတော့ အရမ်းတော့ မလုပ်ရဘူး။  ဖျက်ဆီးခံရတဲ့  နေရာတွေကို  လောလောဆယ်တော့ ပြုပြင်ရေး မသွားရ သေးဘူး"လို့ ပြောပါတယ်။

နိုင်ငံအဝှမ်း တာဝါတိုင်ဖျက်ဆီးမှုတွေမြင့်တက်နေပြီး ဒါတွေဟာ အမှန်တကယ် စစ်တပ်ရဲ့ စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ နိုင်ငံရေး စောင့်ကြည့်လေ့လာသူ တစ်ဦးက ဆိုပါတယ်။

"စစ်တပ်နဲ့ပတ်သက်တဲ့ တခြားခရိုနီတွေရှိတယ်။ ဒါပေမယ့် ကျနော်တို့ ဖတ်မိကြားမိသလောက်က မိုင်တဲလ်မှာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးနဲ့  အပတ်အသက်တွေများတော့ တပ်ချုပ်က  ဒါနဲ့ပတ်သက်လို့တော့  တော်တော်အထိနာမယ် " လို့ သူက ပြောပါတယ်။

ယခင်ဒေါ်လာစျေး ၁၃၀၀ ဝန်းကျင် ရှိနေချိန် စျေးနဲ့တွက်ချက်ထားမှုအရဆိုရင် တာဝါတိုင်  တစ်တိုင်ဟာ ကုန်ကျစရိတ် ကျပ်သိန်း ၅၀၀အထိ ရှိတယ်လို့ သိရပါတယ်။ ယခုဒေါ်လာပေါက်စျေးနဲ့ ဆိုရင် တာဝါတိုင်တစ်တိုင် ကုန်ကျစရိတ်ဟာ သိန်း၁၀၀၀ ဝန်းကျင်အထိ ရှိနေပါတယ်။ လက်ရှိစစ်ကောင်စီက လိုက်စိုက်နေတဲ့  အထဲမှာ တာဝါတိုင် အသေးများလည်းပါပြီး အဲဒီတာဝါတိုင်ဟာလည်း ယခင် ဒေါ်လာစျေး ၁၃၀၀ ဝန်းကျင်ဒေါ်လာပေါက်စျေးနဲ့ဆို ကျပ်သိန်း ၁၅၀ ကနေ ၃၀၀ ဝန်းကျင် ရှိတယ်လို့တာဝါတိုင်ဆောက်လုပ်ရေးအတွေ့အကြုံရှိ အင်ဂျင်နီယာတွေစီကနေသိရပါတယ်။

မြေပြင်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကတော့ တာဝါတိုင်ဖောက်ခွဲမှုတွေ ဆက်လုပ်ဆောင်နေပြီး ပြည်သူများက စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ပြီး မသုံးစွဲကြဖို့  တိုက်တွန်းထားပါတယ်။

"ဒီတော်လှန်ရေးမှာ တစ်ပါတည်း တရားမျှတမှု ရဖို့ဆိုရင် လက်နက်အားကိုး ဗိုလ်ကျစိုးမိုးတဲ့ လူသတ်စစ်တပ်နဲ့  လက်တွဲပြီး  ခေတ်အဆက်ဆက် ဖိနှိပ်ရေးလုပ်လာခဲ့တဲ့ စစ်အုပ်စု စစ်ခရိုနီတွေရဲ့ ပိုင်ဆိုင်တဲ့ အကျိုးစီးပွါးတွေ ဖျက်သိမ်းပြီး  ပျက်စီးသွားမှ တရားမျှတမှုဆိုတဲ့ အခြေခံက ခံစားရမှာပေါ့ "လို့  တာဝါတိုင် ဖျက်ဆီးခံရမှု  များပြားသလို စစ်ကောင်စီ အထိနာပြီး ဖိနှိပ်မှုတွေ အသဲအသန်လုပ်ခံနေရတဲ့ တန့်ဆည်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင်  စစ်အာဏာရှင်စနစ်အောက်မှာ သပိတ်မှောက်တဲ့ အဆင့်နဲ့တင် ရပ်တန့်မနေဘဲ စစ်အုပ်စုအကျိုးစီးပွား တစ်ခုလုံး ဖျက်သိမ်းရေးအထိ ဦးတည်တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းလိုကြောင်း အဆိုပါ ရဲဘော်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required