ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေအမှု တရားရုံး ပြောင်းရွှေ့

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေအမှု တရားရုံး ပြောင်းရွှေ့

စက်တင်ဘာ ၃၀

နိုင်ငံတော်လျို့ဝှက်အက် ဥပဒေပုဒ်မ ၃(၁)(ဂ) ဖြင့် တရားစွဲဆိုခံထားရသော နိုင်ငံ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနယ်နှင့် ပြည်ထောင်စုဝန်ကြီး သုံးဦး တို့ကို နေပြည်တော် ဒက္ခိဏသီရိခရိုင်တရားရုံးတွင် စစ်ဆေးရန် ကနဦး လျာထားသော်လည်း နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် စစ်ဆေးရန် ပြောင်းရွှေ့လိုက်သည်။

ယင်း တရားရုံးသည် ယခင် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို လူတွေ့ရုံးထုတ်စစ်ဆေးနေသည့် တရားခွင်ဖြစ်သည်။

ယနေ့ရုံးချိန်း မတိုင်မီ နံနက် ၈နာရီတွင် အမှုလိုက်ရှေ့နေများကို ဇဗ္ဗူသီရိ မြို့နယ် ရဲစခန်းက ခေါ်ယူ၍ စွပ်စွဲခံရသူများအား လိုက်ပါဆောင်ရွက်မည့် ရှေ့နေအားလုံး တရားခွင်ဝင်ပါက မဆံ့သဖြင့် စွပ်စွဲခံရသူ တစ်ယောက်အတွက် ရှေ့နေတစ်ယောက်သာ ဝင်ခွင့်ရရှိမည်ဟု ရဲတပ်ဖွဲ့က ပြောဆိုကြောင်း ရှေ့နေ ဦးခင်မောင်ဇော် အပြောအရသိရသည်။

“ ရဲတပ်ဖွဲ့ကလည်း ဒါသူ့အထက်က အမိန့်အရဆိုပြီး တရားခွင်ထဲမှာ စွပ်စွဲခံရ သူတစ်ယောက် ရှေ့နေတစ်ယောက်ကိုသာခွင့်ပြုတယ်လို့ ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။

သို့သော် ရှေ့နေအဖွဲ့က စွပ်စွဲခံရသူများ၏အခွင့်အရေးအရ ကိုယ်စားလှယ် လွဲအပ်ခြင်းခံရသည့် ရှေ့နေအားလုံး တရားခွင်အတွင်း ဝင်ပိုင်ခွင့်ရှိကြောင်း နှင့် တရားခွင်အတွင်း ကိုယ်စားလှယ်လွဲစာ ယူထားသည့်ရှေ့နေအားလုံး ဝင်ရောက် ကြားနာနိုင်မှုအတွက် တရားလိုများဘက်မှ ပြင်ဆင်ရမည့် တာဝန်ဖြစ်ကြောင်း ရှေ့နေအဖွဲ့က ပြန်လည် ငြင်းခုံ ချေပပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

ယင်းအတွက် တရားခွင်စသည့်တစ်ပြိုင်အနက် စွပ်စွဲခံရသူ ရှေ့နေများဘက်မှ ခရိုင်တရားသူကြီးအား လျှောက်ထားရာ တရားခွင်အတွင်းရှေ့နေများ သက် တောင့်သက်သာဖြစ်စေမည့် နေရာထိုင်ခင်း ဆောင်ရွက်ပေးရန် ညွှန်ကြား ခဲ့သည်။

ထို့နောက် ရှေ့နေအဖွဲ့ဝင်များအနက် ရန်ကုန်မြို့မှ လာရောက်ရသည့် ရှေ့နေများက အမှုနှင့် ပတ်သက်၍ အပတ်စဉ်ကြာသာပတေးနေ့တိုင်းမဟုတ်ဘဲ တစ်ပတ်ခြား တစ်ခါ ကြာသာပတေးနေ့တိုင်း စစ်ဆေးပေးရန် လျောက်ထား ခဲ့ရာ တရားသူကြီးက လက်မခံဘဲ ငြင်းဆိုခဲ့သည်။

ယနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူများကို ရုံးထုတ်ခဲ့သော်လည်း ရှေ့နေအဖွဲ့များနှင့် တွေ့ဆုံခွင့်မရရှိဘဲ ရုံးချိန်းနေ့တိုင်း သီးသန့် တွေ့ဆုံခွင့်ရရန် လျောက်လွာ တင်ခဲ့ပြီး နှစ်ဘက်လျှော်လဲချက်ကို လာမည့် ရုံးချိန်းတွင်ကြားနာသွားမည် ဖြစ်သည်။ ယနေ့ ရုံးချိန်းတွင် အမှု နှင့်ပတ်သက်၍ စစ်ဆေးခဲ့ခြင်းမရှိပေ။

ယင်းအမှုအတွက် လိုက်ပါဆေင်ရွက်မည့် ရှေ့နေများမှာ ဒေါ်အောင်ဆန်း စုကြည်အတွက် ဦးကြည်ဝင်း၊ ဦးခင်မောင်ဇော်နှင့် ဒေါ်စန်းမာလာညွှန့် တို့ဖြစ်သည်။ မစ္စတာ ရှောင်တာနယ်အတွက် ရှေ့နေ ဦးနေဝင်းနှင့် ဦးရဲလွင်တို့ ဖြစ်ကာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအတွက် ရှေ့နေ ဦးသန်းလွင်၊ ဒေါ်မော်နှင့် အငယ်တန်းရှေ့နေတစ်ဦးတို့ လိုက်ပါဆောင်ရွက်မည်ဖြစ်သည်။

ဒုတိယဝန်ကြီး ဦးဆက်အောင်အတွက် ဒေါ်စန်းမာလာညွှန့်က တစ်ဦးတည်း လိုက်ပါဆောင်ရွက်မည်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်း အတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေများမှာ အမျိုးသမီးရှေ့နေ လေးဦးနှင့် အမျိုးသားရှေ့နေ တစ်ဦး စုစုပေါင်း ငါးဦးလိုက်ပါဆောင်ရွက်မည်ဖြစ်သော် လည်း နာမည်စာရင်း မသိရှိရသေးကြောင်း ဦးခင်မောင်ဇော်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required