နှမ်းခါးကျေးရွာရှိ လူနေအိမ်များကို စစ်တပ်က ၃ ကြိမ်တိုင်မီးရှို့ဖျက်ဆီး၊ နေအိမ် ၅၈လုံးဖျက်ဆီးခံရ

နှမ်းခါးကျေးရွာရှိ လူနေအိမ်များကို စစ်တပ်က ၃ ကြိမ်တိုင်မီးရှို့ဖျက်ဆီး၊ နေအိမ် ၅၈လုံးဖျက်ဆီးခံရ

စက်တင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာအား အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်မှတ်ထားပြီး စက်တင်ဘာလအတွင်း သုံးကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့ရာ လူ‌နေအိမ် ၅၈လုံးပျက်စီးသွားကြောင်း ဒေသခံများထံက သိရသည်။

စက်တင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် နှမ်းခါးကျေးရွာအတွင်းသို့ အာဏာသိမ်း စစ်ကောင်စီတပ်သားများက သေနတ်ပစ်ဖောက် ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ လူနေအိမ်များကို တတိယအကြိမ် မီးတင်ရှို့ခဲ့ရာ နေအိမ် ရှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း နှမ်းခါးရွာခံများက ပြောသည်။

အဆိုပါ နှမ်းခါးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၀ ရက်နေ့တွင် ပထမအကြိမ် မီးတင်ရှို့ခဲ့ရာ နေအိမ် ၃၆ လုံး မီးလောင်သွားခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဒုတိယအကြိမ် မီးရှို့ရာ နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်။

လက်ရှိတွင် နှမ်းခါးကျေးရွာမှ ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရပြီး မီးဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်များအတွက် အဝတ်အထည်၊ စားနပ်ရိက္ခာများ လိုအပ်နေပြီး နေရေးထိုင်ရေး အခက်အခဲနှင့်လည်း ရင်ဆိုင်နေကြရ‌သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required