မန္တလေး စက်သုံးဆီဈေးနှုန်း ခုန်တက်၊ ခွဲတမ်းရဆိုင်နှင့် ပေါက်ဈေးရောင်းသောဆိုင်ဈေးနှုန်းကွာဟ

မန္တလေး စက်သုံးဆီဈေးနှုန်း ခုန်တက်၊ ခွဲတမ်းရဆိုင်နှင့် ပေါက်ဈေးရောင်းသောဆိုင်ဈေးနှုန်းကွာဟ

စက်တင်ဘာလ ၃၀ ရက်

မန္တလေးမြို့တွင် စက်သုံးဆီအရောင်းဆိုင်များတွင် ခွဲတမ်းရဆိုင်နှင့် ပေါက်ဈေးအတိုင်းရောင်းသောဆိုင်များအကြား စက်သုံးဆီဈေးနှုန်းမှာ ကွာဟလွန်းနေပြီး ပေါက်ဈေးအတိုင်းရောင်းသောဆိုင်များတွင် 92 ဓာတ်ဆီ တစ်လီတာလျှင် ၁၆၅၀ ကျပ်အထိ ဈေးမြင့်တက်သွားသည်။

ယမန်နေ့က ပုံမှန်ဈေးကွက်တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၁၅၀၀ ကျော်ရောင်းခဲ့ရာက မြင့်တက်သွားခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီက အထူးဈေးဖြင့်ခွဲတမ်းပေးသော ဆိုင်အနည်းငယ်တွင် တစ်လီတာ ၁၁၆၇ ကျပ်ဖြင့်ရောင်းချနေသည်ကိုတွေ့ရသည်။ ခွဲတမ်းရဆိုင်မှာ အနည်းစုသာဖြစ်သည်။

ပေါက်ဈေးဖြင့်ရောင်းသောဆိုင်များတွင် အောက်တိန်း 95 ဓာတ်ဆီတစ်လီတာလျှင် ၁၆၂၀ ကျပ်ရောင်းချနေချိန်တွင် ခွဲတမ်းရဆိုင်များတွင် 95 ဓာတ်ဆီတစ်လီတာလျှင် ၁၉၂၅ ကျပ်ဖြစ်သည်။
  
ပေါက်ဈေးအတိုင်းရောင်းသောဆိုင်တွင် ရိုးရိုး ဒီဇယ်တစ်လီတာကို ၁၁၅၂ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၁၁၅၉ ကျပ်၊ ရောင်းချနေချိန်တွင် ခွဲတမ်းရဆိုင်တွင် ရိုးရိုး ဒီဇယ်တစ်လီတာကို ၁၈၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာကို ၁၈၃၅ ကျပ်ရောင်းချသည်။  

ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းလည်းလိုက်တက်လာခြင်းဖြစ်ပြီး မန္တလေးမြို့တွင် ပြီးခဲ့သည့်ရက်သတ္တပတ်က စက်သုံးဆီ 92 တစ်လီတာဈေးနှုန်း ၁၃၀၀ ဝန်းကျင်ရှိခဲ့ရာက တရိပ်ရိပ်တက်လာနေခြင်းဖြစ်သည်။
   
စက်သုံးဆီအရောင်းဆိုင်အချို့ကတော့ အရောင်းရပ်ထားသည်ကိုလည်းတွေ့ရသည်။ 

“ကိုယ်ပြန်ဝယ်တဲ့အချိန်မှာ ကိုယ်ရောင်းတဲ့ဈေးထက်မြင့်နေလို့မရောင်းရဲတော့ဘူး၊ ပိတ်ထားလိုက်တယ်၊ ပြန်ဝယ်တဲ့အခါမှာ ဒေါ်လာဈေးအပေါ်မူတည်ပြီးဝယ်ရတာ ဆိုတော့ ကိုယ်ကဒီဈေးပဲရောင်းထားတော့ ပြန်ဝယ်တဲ့အချိန်အရမ်းကြီးဈေးမြင့်နေတာမခံနိုင်ဘူးလေ၊ ရှိတဲ့လက်ကျန်ဆီတွေမရောင်းဘဲရပ်ထားရတယ်” ဟု စက်သုံးဆီအရောင်းတစ်ဆိုင်မှမန်နေဂျာကဆိုသည်။
 
မန္တလေးမြို့၏ လူသုံးများသည့် 92 ဓာတ်ဆီဈေးမှာ တစ်ပတ်အတွင်း ကျပ် ၅၀၀ ဝန်းကျင်ခုန်တက်သွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly