ဗြိတိန်ဓာတ်ဆီပြတ်လပ်မှုအကျပ်အတည်း ကူညီပြေလျော့စေဖို့ စစ်သားတွေက လောင်စာဆီ သယ်ယူပို့ဆောင်ပေးမယ်

ဗြိတိန်ဓာတ်ဆီပြတ်လပ်မှုအကျပ်အတည်း ကူညီပြေလျော့စေဖို့ စစ်သားတွေက လောင်စာဆီ သယ်ယူပို့ဆောင်ပေးမယ်
Photo - AFP

စက်တင်ဘာ ၃၀

ဗြိတိန်မှာ ဓာတ်ဆီပြတ်လပ်မှု အကျပ်အတည်း ပြေလျော့စေရေးအတွက် ဓာတ်ဆီဆိုင်တွေဆီ လောင်စာဆီ သယ်ယူပို့ဆောင်မှုတွေလုပ်ဖို့ ရက်ပိုင်းအတွင်း စစ်သားတွေကို ဖြန့်ကျက်တာဝန်ပေးသွားနိုင်ဖွယ် ရှိကြောင်း အစိုးရက စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

တချိန်တည်းမှာလည်းပဲ အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ ဘရက်ဇစ် အလွန်ကာလမှာ လစ်လပ်အလုပ်အကိုင်နေရာတွေမှာ ပြည်ပအလုပ်သမားတွေနဲ့ ဖြည့်ခွင့်ရဖို့ လက်လီနဲ့ ဧည့်ခံကြိုဆိုမှု လုပ်ငန်းကဏ္ဍတွေက တောင်းဆိုထားပါတယ်။

သီတင်းပတ်နဲ့ချီ ကြာမြင့်နေတဲ့ အကျပ်အတည်းအတွင်း ယင်းနိုင်ငံက ဓာတ်ဆီဆိုင်တွေမှာ အပြေးအလွှား ဝယ်ယူမှုတွေနဲ့အတူ  ဆီပြတ်လပ်မှု ပြဿနာတွေ ဖြစ်ပေါ်ထားခဲ့ပါတယ်။

ဒါဟာ ဥရောပသမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မှု၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တို့နဲ့အတူ နိုင်ငံထဲကနေ ထွက်ခွာသွားတဲ့ နိုင်ငံခြားသား ကားမောင်းသမား ထောင်ချီရဲ့နေရာတွေမှာ အစားထိုးဖို့ အစိုးရဘက်က အမြော်အမြင် မရှိမှုတို့အပေါ် ဝေဖန်သူတွေက ပြစ်တင်ထားပါတယ်။

ဓာတ်ဆီဆိုင်တွေမှာ ဆီဖြည့်ဖို့ ပြုံတိုးပြီး ယာဉ်တန်းအရှည်ကြီး ဖြစ်စေမှု အခြေအနေတွေကို လျော့ကျစေဖို့ လာမယ့် ရက်တွေအတွင်း စစ်သားတွေက လောင်စာဆီတွေကို ဓာတ်ဆီဆိုင်တွေဆီ သယ်ယူပို့ဆောင်မှုတွေ လုပ်ပေးနိုင်ကြောင်း ဗြိတိန် ကူးသန်းရောင်းဝယ်ရေးနဲ့ စွမ်းအင်ဝန်ကြီး ကွာဆီ ကွာ့တန်းက Sky News ကို ပြောခဲ့ပါတယ်။

ဒါ့အပြင် အရပ်သားဒရိုင်ဘာတွေ မောင်းနှင်မယ့် အစိုးရရဲ့ သီးသန့်အရန်ထားတဲ့ ဆီတင်ကား အစုအဖွဲ့ကိုလည်း စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းမှာ လောင်စာဆီ သယ်ယူပို့ဆောင်ဖို့ စေလွှတ်သွားဖို ရှိနေတယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

စစ်ဘက် ယာဉ်မောင်း ၁၅၀ အထိကို အသင့်ပြင်ခိုင်းထားသလို နောက်ထပ် ၁၅၀ ဦးကိုလည်း လာမယ့်ရက်တွေအတွင်း ဖြန့်ကျက်သွားဖို့ ရှိနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ဗြိတိန်ပြည်တွင်း သတင်းအေဂျင်စီတစ်ခုကို ပြောခဲ့ပါတယ်။

လောင်စာဆီ ရင်းမြစ်တွေကို ဘယ်နေရာတွေဆီ အကောင်းဆုံး ပို့ဆောင်သွားမလဲ ဆိုတာနဲ့ပတ်သက်လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ဟာ ဓာတ်ဆီလုပ်ငန်းနဲ့အကြား အတူညှိနှိုင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နိုင်ငံမှာ သိုလှောင်ထားတဲ့ လောင်စာဆီ အလုံအလောက် ရှိကြောင်းနဲ့ အခြေအနေတွေဟာ ပုံမှန်အခြေအနေ ပြန်ရောက်နေပြီ ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စက်တင်ဘာ ၂၈ ရက်မှာ အာမခံ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly