ကမ္ဘောဒီးယားမှာ မိုင်းရှာခွေးတွေကို COVID-19 ထောက်လှမ်းအနံ့ခံနိုင်အောင် လေ့ကျင့်ပေး 

ကမ္ဘောဒီးယားမှာ မိုင်းရှာခွေးတွေကို COVID-19 ထောက်လှမ်းအနံ့ခံနိုင်အောင် လေ့ကျင့်ပေး 
Photo - AFP

စက်တင်ဘာ ၃၀

ကမ္ဘောဒီးယားနိုင်ငံက မြေမြုပ်မိုင်းရှင်းလင်းရေး အာဏာပိုင်တွေဟာ မိုင်းရှာခွေးတွေကို COVID-19 အနံ့ခံထောက်လှမ်းသိရှိနိုင်အောင် လေ့ကျင့်ပေးလျက် ရှိနေပါတယ်။ 

မြေအောက်က ဖောက်ခွဲရေးပစ္စည်းတွေကို ထောက်လှမ်းရာမှာ အသုံးချတဲ့ အနံ့အာရုံခံကောင်းတဲ့ ခွေးတွေဟာ COVID-19 စမ်းသပ်စစ်ဆေးရေး လုပ်ငန်းစဉ်မှာလည်း ရှေ့တော်ပြေးတွေ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လေ့ကျင့်ပေးနေတာပဲ ဖြစ်ပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံဟာ လျင်မြန်တဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံပေးနိုင်ခြင်းအတွက် ဂုဏ်ပြုခံနေရတာဖြစ်ပြီး အရွယ်ရောက်ပြီးသူရဲ့ ၉၈ ရာခိုင်နှုန်းဟာ အနည်းဆုံး ကာကွယ်ဆေး ပထမအလုံး ထိုးနှံခံရပြီး ဖြစ်ပါတယ်။ 

အခုမှာတော့ COVID-19 စစ်ဆေးဖော်ထုတ်ရေးမှာ ဗျူဟာသစ်တစ်ရပ်ကို အစပျိုးလာတော့တာပါ။ 

ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေးစင်တာ CMAC က Belgian Malinois မျိုး ခွေး ၁၂ ကောင်နဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရနိုင်ကောင်း ရနိုင်တဲ့ သံသယမရှိရတဲ့ လူနာတွေကို အနံ့ခံခိုင်းပြီး လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။ 

ခုလို လေ့ကျင့်ပြီး အောင်မြင်တယ်ဆိုရင် ရေရှည်ကာလအတွက် ကမ္ဘောဒီးယားဟာ အားကစားပွဲတွေအပါအဝင် အဓိက ပွဲလမ်းတွေမှာ ခွေးတွေကို သုံးပြီး COVID-19 ထောက်လှမ်းသွားဖို့ CMAC စင်တာက မျှော်လင့်ထားကြောင်း ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဟန်ရာတာနာက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ခွေးတွေက အခြား ကိရိယာစက်ပစ္စည်းတွေထက်တောင် ပိုပြီး အကျိုးရှိအသုံးဝင်တယ်”ဟု သူက ဆိုပါတယ်။ 

ကမ်ပွန်ချနန်ပြည်နယ်မှာ ရှိတဲ့ အခု လေ့ကျင့်ရေးစင်တာဆီကို ကျန်းမာရေးသိပ္ပံတက္ကသိုလ်ကနေပြီး COVID-19 လူနာတွေထံက ဓာတ်ပြုနမူနာတွေကိုလည်း ခွေးတွေကို အနံ့ခံလေ့ကျင့်ပေးဖို့အတွက် ပေးပို့ထားပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံထဲမှာပဲ မျိုးဖောက်ထားတဲ့ အခု ခွေး ၁၂ ကောင်စလုံးဟာ လက်ရှိအထိ လုပ်ငန်းခွင် စွမ်းဆောင်နိုင်စွမ်း ကောင်းစွာပြသထားနိုင်ပါတယ်။ 

“နှစ်လခွဲလောက်ပဲ ရှိသေးတဲ့ လေ့ကျင့်ရေး အစပိုင်းမှာတောင် အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်တာမို့ ကျွန်တော်တို့ရဲ့ ဒီ ခွေးတွေဟာ COVID-19 ကို ကောင်းကောင်းကြီး ခွဲထုတ်အနံ့ခံနိုင်မှာ ဖြစ်ပါတယ်”လို့ ခွေးတွေကို လေ့ကျင့်ပေးနေသူတစ်ဦးဖြစ်တဲ့ ခွမ်ဆိုကလီက အေအက်ဖ်ပီကို ပြောပါတယ်။ 

လက်ရှိမှာ ခွေးလေးကောင်ဟာ တစ်မီတာ ရှည်တဲ့ ပြွန်ထဲက COVID-19 ကို တစ်မိနစ်တောင် မကြာဘဲ ထောက်လှမ်းသိရှိနေပြီလို့ သူက ပြောပြီး ကျန် ရှစ်ကောင်ကိုတော့ ဘယ်လို တည်နေရာမျိုးမှာဖြစ်ဖြစ် အလွတ်နေရာတစ်ခုက COVID-19 အနံ့ကို အနံ့ခံထောက်လှမ်းနိုင်အောင် လေ့ကျင့်ပေးနေကြောင်း သူက ပြောပါတယ်။ 

“နောက်ပိုင်းမှာ ဒီ ခွေးတွေဟာ မြန်မြန်ဆန်ဆန်ပဲ COVID-19 ကို ထောက်လှမ်းသိရှိနိုင်တာကြောင့် COVID-19 တားဆီးရေးနဲ့ လျှော့ချရေးမှာ ပါဝင်စွမ်းဆောင်လာတော့မှာကို ကျွန်တော် မျှော်လင့်ထားပါတယ်”လို့ သူက ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly