မြန်မာ့အကျပ်အတည်းအပေါ် နိုင်ငံတကာက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေး ကုလအကြီးအကဲ တိုက်တွန်း

မြန်မာ့အကျပ်အတည်းအပေါ် နိုင်ငံတကာက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေး ကုလအကြီးအကဲ တိုက်တွန်း

စက်တင်ဘာ ၃၀

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအကျပ်အတည်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ‘အလျင်အမြန်’  တုံ့ပြန်ဆောင်ရွက်ဖြေရှင်းရန် လိုအပ်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က စက်တင်ဘာ ၂၉ ရက်တွင် ကုလထုတ်ပြန်သည့် အစီရင်ခံစာသစ်တစ်ရပ်ထဲတွင် တိုက်တွန်းခဲ့သည်။

“မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်ဆလင်များနှင့် အခြား လူနည်းစုများ၏ လူအခွင့်အရေး အခြေအနေ” ဆိုင်ရာ အစီရင်ခံစာထဲတွင် ကုလအကြီးအကဲက ၎င်းအနေဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာချုပ်ကိုင်မှုကို တန်ပြန်ဆန့်ကျင်ရန် ပို၍ ခက်ခဲလာမည်ကို စိုးရိမ်မိကြောင်း ပြောထားသည်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေအောင် ကူညီဖို့ စည်းလုံးညီညွတ်တဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတစ်ခု အဆောတလျင် လုပ်ဆောင်ဖို့ လိုပါတယ်” ဟု ကုလအကြီးအကဲက သြဂုတ် ၃၁ ရက် ရက်စွဲတပ်ထားသည့် အစီရင်ခံစာတွင် ပြောထားသည်။
ထိုအစီရင်ခံစာ ထုတ်ပြန်ဖော်ပြမှုက မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ အချိန်ကြာမြင့်စွာ နှောင့်နှေးကြန့်ကြာနေခဲ့သလဲ ဆိုသည်အတွက် ကုလဘက်က ရှင်းလင်းချက် မပေးခဲ့ပေ။

ထို အစီရင်ခံစာကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံအတည်ပြုခဲ့ပြီး တရုတ်အပါအဝင် ၃၆ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ပြီး ဘယ်လာရုစ်နိုင်ငံက ဆန့်ကျင်မဲပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အစိုးရအရာရှိများ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး နိုင်ငံတကာက ကြိုးပမ်းအားထုတ်ရမည်ဟု ဂူတာရက်စ်က ၎င်း၏ အစီရင်ခံစာတွင် ပြောထားသည်။

“ဘင်္ဂလားဒေ့ရှ်နှင့် အခြားနေရာများတွင် ရောက်ရှိနေထိုင်နေကြရသူအများအပြားအပါအဝင် ရိုဟင်ဂျာ မွတ်ဆလင်များ၊ ခုခံနိုင်စွမ်း အားနည်းသူများထံ လူသားချင်းစာနာမှု အကူအညီများ အမြန်ဆုံး ရောက်ရှိရန် လိုအပ်သည်” ဟုလည်း ၎င်းက ပြောခဲ့သည်။

“စစ်တပ် အုပ်ချုပ်မှု ခိုင်မာသွားမည့်အရေးကနေ တားဆီးရန် အခွင့်အလမ်း ကျဉ်းမြောင်းသွားနိုင်မည့် အပေါ် စိုးရိမ်နေရကြောင်း၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရည်မှန်းချက်များကို ထောက်ခံပံ့ပိုးရန် အင်မတန် အရေးကြီးကြောင်း” ဂူတာရက်စ်က ပြောသွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly