နိုင်ငံ့ ခက်နှစ်ဖြာအကြား ရတက်ပွေရတဲ့ လခစား ဝန်ထမ်းတွေဘဝနဲ့ အနာဂတ် မြန်မာ့စီးပွားရေး (ဆောင်းပါး)

နိုင်ငံ့ ခက်နှစ်ဖြာအကြား ရတက်ပွေရတဲ့ လခစား ဝန်ထမ်းတွေဘဝနဲ့ အနာဂတ် မြန်မာ့စီးပွားရေး (ဆောင်းပါး)

စက်တင်ဘာ ၂၉

COVID-19 တတိယလှိုင်းနဲ့ စစ်အာဏာသိမ်းမှုတို့ ပေါင်းစပ် ရိုက်ခတ်မှုတို့ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လခစားဝန်ထမ်းတွေရဲ့ ဘဝယိုင်လဲခဲ့သလို မြန်မာ့စီပွားရေးဟာလည်း ကျဆင်းလာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က မြန်မာပြည်နဲ့ ပတ်သက်လို့ စောင့်ကြည့်ထုတ်ပြန်ထားတဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုသုံးကြိမ်တိုင်ရှိခဲ့သလို စစ်အာဏာသိမ်းမှု ဖြစ်စဉ်နဲ့ ပေါင်းစပ်သွားတဲ့အခါ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရပ်သားအစိုးရလက်ထက် မြန်မာ့စီးပွားရေး တစစ ဦးမော့လာနေရာကနေ ပြန်လည် ကျဆင်းသွားတာဖြစ်ပါတယ်။ နိုင်ငံ့စီးပွားရေး ကျဆင်းမှုနှင့်အတူ အလုပ်အကိုင် လက်မဲ့မှုနှုန်းတွေ ကလည်း တစ်ပါးတည်းလိုလို မြင့်တက်လာတာကြောင့် အလုပ်အကိုင် လက်မဲ့ဦးရေ တစ်သန်းလောက်ထိခိုက်  နိုင်ပြီး ဒီပမာဏဟာ စုစုပေါင်း အလုပ်အကိုင်နေရာရဲ့ လေးရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းအထိရှိနေပါတယ်။ အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှုနည်းတူ ဆင်းရဲမွဲတေမှုကို မြင့်မားစေပြီး ဆင်းရဲနွမ်းပါးတဲ့ သူတွေဟာ ပိုမိုထိခိုက်ကုန်မှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။ 

ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်နေတဲ့ လခစား ဝန်ထမ်းတွေရဲ့အခြေအနေ

ပြီးခဲ့တဲ့နှစ်ကတည်းက COVID-19 ကပ်ရောဂါပြန့်နှံ့မှုကြောင့် အလုပ်တွေကို အိမ်ကလုပ်တဲ့စနစ်နဲ့ ပြောင်းလဲလုပ်ကိုင်ခဲ့ကြရသည်။ COVID-19 ကပ်ရောဂါ အနည်းငယ်ကာကွယ်နိုင်လာတဲ့ နှစ်ကုန်ပိုင်းအချိန်မှာ ဝန်ထမ်းတွေဟာ  အားမာန်အသစ် နဲ့ လုပ်ငန်းခွင်ပြန်ဝင်ဖို့ အဆင်သင့်ဖြစ်နေကြချိန်မှာပဲ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုဖြစ်စဉ်အပြင်  COVID-19 တတိယလှိုင်းက ထပ်မံရိုက်ခတ်လိုက်တာကြောင့် မျှော်လင့်ချက်အားလုံး သဲထဲရေသွန်သလို ဖြစ်ခဲ့ရတာမျိုးပါ။

ဒီလိုအခြေအနေမျိုးမှာ ဝန်ထမ်းတွေကို ပြန်ကြည့်တဲ့ အလုပ်ရှင်တစ်ချို့ကလည်း ရသမျှနဲ့ တောင့်ခံနေခဲ့ကြပြီး လက်ရှိအချိန်မှာတော့  လုပ်ငန်းရှင်တွေ ကိုယ်တိုင် ယိုင်နဲ့နဲ့ ဖြင့်သာ ဆက်လက်ကျော်ဖြတ်နေကြရပါတယ်။ ပိတ်သိမ်းလိုက်တဲ့ အလုပ်တွေ၊ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံခဲ့တဲ့ ကုမ္ပဏီကြီးတွေလည်း အကုန်ပြန်ထွက်ကုန်ကြပါပြီ။ မကြာခင်ကာလကပဲ Metro Wholesale Myanmar လို ကုမ္ပဏီကြီးတစ်ခု ရပ်နားသွားတာဟာ ပြည်တွင်း အလုပ်အကိုင် လက်မဲ့နှုန်းကို မြင့်တက်လာစေပါတယ်။

COVID-19 ကပ်ရောဂါကာလနဲ့ စစ်အာဏာသိမ်းမှု ဂယက်တွေဟာ လခစားဝန်ထမ်းတွေရဲ့ ဘဝကို စီးစီးပိုင်ပိုင်ကို ရိုက်ချိုးလိုက်တယ်လို့သာ ဆိုရမှာဖြစ်ပြီး လက်ရှိအချိန်အထိ လုပ်ငန်းမလည်ပတ်ပေမယ့်လည်း လစာကိုရာခိုင်နှုန်းအနည်း ငယ်ပေးပြီး ဆက်လက်တောင့်ခံထားခဲ့တဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေပါတယ်။ 
“ကျွန်တော်တို့ အလုပ်တွေပိတ်သွားပြီ။ ကိုဗစ်နဲ့ ကိုစစ် ကြားထဲမှာ ကျွန်တော်တို့ ဘဝတွေ အရမ်းခါးနေပါပြီ။ ကျွန်တော်တို့ လခစား အလုပ်သမားတွေဘဝက ဘာနဲ့တူလဲသိလား။ ရွှေကျောင်းပြောင်ပြောင် ဝမ်းကခေါင် ဆိုတဲ့ စကားပုံလိုဖြစ်နေပြီ” လို့  ကုမ္ပဏီတစ်ခုမှာ အရောင်းဖြန့်ချိရေး ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့သူ ကိုမောင်မောင်တာ(အမည်လွဲ) က ဆိုပါတယ်။

ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ လခစားဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်နေတာတွေ မူရင်းလစာပေါ် ရာခိုင်နှုန်းအလိုက်တွက်ချက်ပြီး လစာရရှိလာမှုတို့ကြောင့် ရန်ကုန်မြို့လိုနေရာမျိုးတွေမှာ အိမ်ငှားနေ အဆောင်ငှားနေရတဲ့ သူတွေအဖို့ အတော်လေး ဒုက္ခဖြစ်ရရှာပါတယ်။ သို့သော်  ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်သူတွေ၊ စျေးရောင်းစားနေသူတွေနဲ့ အနှေးယာဉ်(ဆိုက်ကား)နင်းနေသူတို့ရဲ့ ဘဝဟာ လက်ရှိအချိန်မှာ လခစားဝန်ထမ်းတွေထက်စာရင် အနည်းငယ် အသက်ရှုပေါက် ချောင်စေပါသေးတယ်။ သူတို့ အဖို့က နေ့စဉ်ဝင်ငွေရနေတဲ့ သူတွေ ဖြစ်နေလို့ ပါ။ 

လက်ရှိအချိန်မှာ လခစားဝန်ထမ်းနဲ့ နေ့စား လုပ်သား တွေကို နှိုင်းယှဉ်ကြည့်ရင် လုပ်ငန်းရှင်အများစုဟာ နေ့စားအလုပ်သမားများကိုသာ ခေါ်ယူအသုံးပြုနေတဲ့အတွက် လခစား ဝန်ထမ်းတွေ အတော်လေး အထိနာနေပြီဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

“ကျွန်တော်တို့က တာယာရောင်းဝယ်ရေးပိုင်းမှာလုပ်တယ်။ လုပ်ငန်းမကောင်းလို့ ရပ်နားလိုက်ချိန် ကျွန်တော်တို့ အလုပ်ပြုတ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့အလုပ်က ရေဆေး၊ ဆီထိုးတွေလည်းရှိတယ်။ အဲဒီဖက်မှာတော့ လခစားတွေဖြုတ်ပြီး နေ့စားသမားလေးတွေ ငှားလုပ်တယ်။ အလုပ်ရှင်ခင်မျာလည်း သူကိုက်လောက်သလို ပဲလုပ်မှာလေ။ နားလည်ပါတယ်။ ဒါပေမယ့် အများအမြင်မှာ ကိုယ်တွေအရင်က အလုပ်လုပ်ခဲ့တဲ့ လခစားဆို တော့ အခုလဲ အဆင်ပြေနေတယ်ပဲ ထင်ကြတယ်။ ကိုယ်တွေက အလုပ်မရှိလို့ တကယ်ငတ်နေပြီ။ လာလှူပေး ကြတဲ့ လူတွေဆိုရင်လည်း ဝေတဲ့အထဲ ကိုယ်တွေမပါ။”  လို့ ကားတာယာရောင်းဝယ်ရေးဆိုင်တစ်ခုတွင် လခစားအဖြစ်မှ အလုပ်ပြုတ်ခဲ့သူ တစ်ဦးက ဆိုပါတယ်။

နိုင်ငံစီးပွားရေးကို ခြောက်လအတွင်း နလန်ပြန်ထူစေမယ်ဆိုတဲ့ စစ်ကောင်စီပြောစကား
 
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယပတ်လောက်က စတင်ပြီး COVID-19 ကပ်ရောဂေါကြောင့်  နိုင်ငံ့ စီးပွားရေး ကျဆင်းမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် ခြောက်လအတွင်း နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး နလန်ပြန်ထူနိုင်စေဖို့ အမျိုးသား စီမံကိန်းဥပဒေကို ရေးဆွဲဖို့ ကြိုးစားနေကြောင်း ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောကြားထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားစီမံကိန်း ကော်မရှင် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာရေးနှစ်နဲ့ ပတ်သက်လို့ လအပိုင်း အခြားတွေကို ပြန်လည်သတ်မှတ်မှာဖြစ်ပြီး၊ ယခင် အောက်တိုဘာလကနေ စက်တင်ဘာလအထိ ဘဏ္ဍာနှစ်အဖြစ်သတ်မှတ်ရာကနေ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကို ဧပြီလကနေ မတ်လအထိ ကြားကာလ ခြောက်လကို အမျိုးသားစီမံကိန်းဥပဒေအဖြစ်ပြောင်းလဲ သတ်မှတ်သွားမယ်လို့ ပြောကြားချက်ကိုနိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြ ပါရှိပါတယ်။ 

ဒီခြောက်လ စီမံကိန်းကာလဟာ ပွင့်လင်းရာသီဖြစ်တဲ့ အတွက် စက်မှုလက်မှု လုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေး လုပ်ငန်းကဏ္ဍနဲ့ လျှပ်စစ်ဆိုင်ရာကဏ္ဍ လုပ်ငန်းတွေမှာ ဆောက်လုပ်ဆဲ လုပ်ငန်းတွေ အပြီးသတ်နိုင်မှာဖြစ်သလို အချို့စီမံကိန်းအသစ်တွေလည်း ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။

သို့သော်လည်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ညွှန်းကိန်းအရ စောင့်ကြည့် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာဆိုရင် ၂၀၂၂ခုနှစ်မှာ ဆင်းရဲမွဲတေမှု အမြင့်ဆုံးရောက်ရှိမှာဖြစ်ပြီး COVID-19 မဖြစ်ခင်ကာလက ရှိခဲ့တဲ့  ဆင်းရဲမွဲတေမှု ပမာဏထက် နှစ်ဆကျော် ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။ 

အလုပ်သမား အခွင့်အရေးအဆိုးဝါးဆုံး ဆယ်နိုင်ငံစာရင်း မြန်မာနိုင်ငံပါဝင်လာ
 
မြန်မာနိုင်ငံမှာ ပြည်ပ ရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်မှုနဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု ကူညီထောက်ပံ့ပေး ရေးအခြေအနေတွေကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းမှုနဲ့အတူ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်လို့လည်း ကမ္ဘာ့နိုင်ငံများအတွင်း အဆိုးဝါးဆုံး ၁၀နိုင်ငံမှာ မြန်မာနိုင်ငံကလည်း တစ်နိုင်ငံအဖြစ်ပါ ဝင်လာတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့(ITUC)ရဲ့ ၂၀၂၁ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်းအရ  သတ်မှတ်ခံထားရပါတယ်။ 

ITUC ကထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ်အတွင်း အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးဝါးဆုံး နိုင်ငံ ဆယ်နိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အီဂျစ်၊ ဟွန်းဒူးရပ်စ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ တူရကီနဲ့ ဇင်ဘာဘွေ တို့ပဲ ဖြစ်ပါတယ်။ ITUC ဟာသက်ဆိုင်ရာ နိုင်ငံတစ်ခုချင်းစီက အလုပ်သမား သမဂ္ဂတွေနဲ့ချိတ်ဆက်ထားတဲ့ သမဂ္ဂအဖွဲ့ချုပ်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၆၃ နိုင်ငံက အလုပ်သမားပေါင်း သန်း ၂၀၀ ကျော် ကို ကိုယ်စားပြုတယ်လို့လည်း အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ်ဖြစ်ပေါ်လာတာတွေ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်ပရင်းနှီးမြှပ်နှံမှု ပြုလုပ်တဲ့ နိုင်ငံတွေဟာ တစတစ ပြန်လည်ထွက်ခွာကြတာမျိုးတွေရှိနေပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းတွေ လည်ပတ်မှုကျဆင်သွားတာတွေဟာလည်း နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတစ်ခု တာဝန်ခံ မသက်ထား က ဆိုပါတယ်။

“ မြန်မာနိုင်ငံရဲ့စီးပွားရေး ပြည်ပရင်းနှီးမြှပ်နှံမှုတွေ ထွက်ခွာတယ်ဆိုတာက တိုင်းပြည်မငြိမမသက် ဖြစ်နေတဲ့ ဘယ်နိုင်ငံမှာ မဆို  ပြည်ပရင်းနှီးမြှပ်နှံမှု တွေ ဝင်ဖို့ ဆိုတာ ခက်ခဲပါတယ်။ အခု လိုရင်းနှီးမြှပ်နှံမှု တွေ ထွက်ခွာသွားတာက စစ်အာဏာသိမ်းမှုက အဓိက အကြောင်းအရင်းပါဘဲ။ ပို့ကုန်သွင်းကုန်ကျဆင်းတဲ့ ပြဿနာဟာလည်း စစ်အာဏာသိမ်းမှု ရဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခုပဲဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ် လူမှုစီးပွားတွေ ပြည်လည်ဦးမော့ဖို့ ဆိုရင် ပြည်သူလက်ခံတဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းပြီးနိုင်ငံရဲ့ အဘက်ဘက်က နှိမ့်ကျနေတဲ့ အခြေအနေတွေကို ပြည်လည်ထူနိုင်ပြီးမှသာ စီးပွားရေး ပြန်လည် ဦးမော့လာမယ်လို့ ယူဆပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

ထို့အပြင် ၎င်းကအလုပ်လက်မဲ့ နှုန်း ကျဆင်းရန်နှင့် လစာနှုန်းထားတွေ အရင်အတိုင်းပြည့်မှီအောင်ရရှိဖို့ဆိုရင် ဘယ်လို အခြေအနေမျိုးဖြစ်နေပါစေ တရားဥပဒေစိုးမိုးမှသာ အလုပ်သမားဥပဒေပါ အခွင့်အရေးတွေအတွက် ကာကွယ်နီုင်မှာဖြစ်ပြီး၊ လက်ရှိအချိန်မှာ အလုပ်ရှင်နဲ့ အလုပ်သမား ကြား အပြန်ပြန်အလှန် ယုံကြည်မှု ငဲ့ညှာမှုတွေနဲ့ သာ လုပ်ကိုင်နေကြရတယ်လို့ ဆိုသည်။

“ ဒီလိုအခြေအနေမှာ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်သားတွေအပေါ် ဖိနှိပ်မှုမျိုးတွေမလုပ်ဘဲနေမှသာ ခံစားခွင့်တွေရရှိမယ့် အခြေအနေပါ။ တိုင်းပြည်ငြိမ်သက် အေးဆေးစဉ်အခါကတောင် အလုပ်သမားဥပဒေအရ ခံစားခွင့်တွေ မရခဲ့တာ အခုလိုအခြေအနေမျိုးမှာဆိုရင် မငတ်ဖို့အတွက် လုပ်အားအမြတ်ထုတ်ခံရပြီ တောင့်ခံနေရတဲ့ အခြေအနေဖြစ်နေတာပါ။ လုပ်ငန်းရှင်တွေဘက်ကကြည့်ရင် ခုနပြောသလို ရင်းနှီးမြှပ်နှံမှုတွ ထွက်ကုန်ကြတာ ပို့ကုန်သွင်းကုန်အတွက် စက်သုံးဆီစျေးနှုန်းတွေ ၊ဒေါ်လာစျေးတွေ မြင့်တက်နေတာကြောင့် လုပ်နေတဲ့ လုပ်ငန်းကို မရပ်ဆိုင်းအောင် တောင့်ခံနေရတဲ့ အခြေအနေမျိုး တွေ့ရမှာဖြစ်ပါတယ်။ အနှစ်ချုပ်ကို ခြုံပြောရရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ အုပ်ချုပ်သူတွေရဲ့ ဆုံးဖြတ်ချက်အပေါ် အဓိက ကျနေပါတယ်” ဟု ဖြည့်စွက် ပြောသည်။

အမှားတွေ အများကြီးထဲက နိုင်ငံ
 
မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ရပ်တန့်နေလို့ မရဘဲ နိုင်ငံ စီးပွားရေး ဦးမော့ လာနိုင်ဖို့ဆိုရင် တိုင်းပြည်အခြေအနေကောင်းသည်အထိ ထိုင်စောင့်နေဖို့မလိုကြောင်းနှင့် အမှားတွေအများကြီးထဲမှ ပြုပြင်စရာရှိသည်များကို အလျှင်အမြန် ပြုပြင်ရန်လိုအပ်ကြောင်း ဒေါက်တာခင်မောင်ညိုက သူ၏အမြင်ကို သုံးသပ်ပြသည်။

မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးနှင့် သက်ဆိုင်သော ထုတ်ကုန်ပစ္စည်းများ ဆက်တိုက်ထုတ်လုပ်နိုင်ရန်နှင့် စီးပွားရေးအင်အားကြီးနိုင်ငံနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံကြားတွင် ရှိနေသောကြောင့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ယင်းနှစ်နိုင်ငံလိုအပ်သည့် ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရန်လည်း လိုအပ်ကြောင်း ဆိုသည်။

“ ကျွန်တော်တို့ နိုင်ငံက ထုတ်ကုန်ထုတ်ရင် စိုက်ပျိုးရေးကို အခြေခံတဲ့ ထုတ်ကုန်မျိုးတွေ ထုတ်ဖို့ လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့ က တရုတ်ထုတ်ကုန်တွေကို မယှဉ်နိုင်ဘူး။ အဲ့ဒီတော့ သူတို့ လိုအပ်တဲ့ ဟာကို ဖြည့်ဆည်းပေးနိုင်တဲ့ ထုတ်ကုန်ထုတ်ပေးတဲ့ နိုင်ငံဖြစ်ရင် အများကြီး ကောင်းလာမှာပါ။ ကိုဗစ်နဲ့ အာဏာထိန်းမှုကြောင့် နိုင်ငံ့စီးပွားရေးဟာ ကျဆင်းသွားတယ်။ ရွှေစျေးနှင့် ဒေါ်လာစျေးတွေ တစ်ရှိန်ထိုးတက်သွားတယ်။ ကျွန်တော်တို့ နိုင်ငံမှာက ဘာထုတ်ကုန်မှ မထုတ်နိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ ငွေစျေးက ကျနေဦးမှာဘဲ။ နောက်ပြီး ကျွန်တော်တို့ ဘဏ်စနစ်ကိုလည်း သေချာသုံးသပ်ပြီး ကိုင်တွယ်နိုင်ဖို့ လိုတယ်။ အဲ့ဒီအခြေအနေတွေကို ကျွန်တော်တို့ က ပြန်သွားရမှာဖြစ်တယ်။ ဖြစ်နေတဲ့ ကိစ္စတွေ ခဏထားပြီးတော့ ပြည်တွင်းမှာ လုပ်နိုင်တဲ့ အရာတွေ စဉ်းစားပြီး လုပ်သွားဖို့တော့ လိုမယ်” လို့ ဆိုသည်။

ထို့အပြင် တိုင်းပြည်အတွင်း အလုပ်လက်မဲ့နှုန်းများ ကျဆင်းရန် အရည်အသွေးမြင့်မားသည့် ပညာရေးစနစ်လိုအပ်ကြောင်း ၊ စင်ကာပူနိုင်ငံအား ဥပမာထားကြည့်မည် ဆိုလျှင် အရည်အသွေးမြင့်မားသည့် ပညာရေးကိုအခြေခံ၍ လုပ်ဆောင်ခဲ့ခြင်းကြောင့် အလုပ်အကိုင်နှင့် ပတ်သက်လျှင် ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများကပါ ဦးစားပေးခြင်းခံရသည်ဟုဆိုသည်။

“ ရေရှည်အတွက် ပြောရရင် အလုပ်လက်မဲ့နှုန်းတွေ မမြင့်တက်အောင် ဆိုရင် အရည်အသွေးမီတဲ့ ပညာရေးကို ဦးစားပေး အကောင်အထည်ဖော်ဖို့ လိုတယ်။ စင်ကာပူဆိုရင် သူ့ပညာရေးစနစ်က အာရှတိုက်မှာ ကောင်းတဲ့အခါကျတော့ နိုင်ငံတကာမှာ စင်ကာပူနိုင်ငံသားတွေ ဘဲ အလုပ်ပိုရလာတယ်။ မြန်မာပြည်ကလည်း အတုယူပြီး အများကြီး လုပ်နိုင်စရာရှိပါတယ်။ ဒီလိုလုပ်တဲ့ အခါမှာလည်း ကိုယ့်နိုင်ငံထဲ ကိုယ်လုပ်နေလို့မရဘူး။ နိုင်ငံတကာပညာရှင်တွေ ကို ဖိတ်ခေါ်ဖို့ လိုအပ်မယ်။ အခုဖြစ်နေတဲ့ ကပ်ရောဂါကလည်း ကမ္ဘာ့နိုင်ငံတိုင်းမှာဖြစ်နေတာ။ နိုင်ငံရေးအခြေအနေကလည်း အမြဲထာဝရ ဒီလိုကြီးဘဲ သွားမှာမဟုတ်ပါဘူး။ အဆင်ပြေသွားတဲ့ အချိန်ထိစောင့်မနေဘဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဖို့လိုတယ်။” ဟု ဆိုသည်။

တိုင်းပြည်စီးပွားရေး ဦးမော့စေရန်အတွက် လုပ်ဆောင်ရာတွင် စီးပွားရေးတိုးတက်ရန် လုပ်ဆောင်သည့် မူဝါဒနှင့် စီးပွားရေးတည်ငြိမ်အောင်လုပ်ဆောင်သည့် မူဝါဒနှစ်ရပ်ရှိပြီး ယင်း မူဝါဒနှစ်ရပ်အနက် လက်ရှိအချိန်တွင် တိုင်းပြည်စီးပွားရေးတည်ငြိမ်အောင် ကနဦးလုပ်ဆောင်သင့်ကြောင်း အမည်မဖော်လိုသည် စီးပွားရေးပညာရှင်တစ်ဦး ကထောက်ပြသည်။

“ အခုဟာက မတည်ငြိမ်ဘူးလို့ ပြောလို့ရတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကျနေတယ်ဆိုတာကတော့ သူတို့ လက်ခံထားတယ်။ ဘာ့ကြောင့်လည်း ဆိုရင် ကိုဗစ်ကြောင့်ရယ် နောက်တစ်ခုက နိုင်ငံရေးအပြောင်းအလဲကြောင့် ကျတယ်။ ကျတယ်ဆိုတာက မတည်ငြိမ်တာပဲပေါ့။ဘာလို့ မတည်ငြိမ်လည်းလို့ပြောလို့ရလည်းဆိုတော့ ဒေါ်လာစျေးတွေ ကမောက်ကမဖြစ်တယ်။ ရွှေစျေးတွေ ကမောက်ကမဖြစ်တယ်။ ကုန်စျေးနှုန်းတွေ တက်တယ်ဆိုတဲ့ဟာတွေက စီးပွားရေးမတည်ငြိမ်တာပေါ့။ ဒါကြောင့် စီးပွားရေးမတည်ငြိမ်တဲ့ အချိန်မှာ အရင်ဆုံးလုပ်ရမှာက တိုင်းပြည်စီးပွားရေး တည်ငြိမ်သွားအောင်အရင် လုပ်ဖို့ လိုတယ်။တည်ငြိမ်ပြီဆိုတဲ့ အခါကျမှ စီးပွားရေး ဦးမော့လာအောင် တိုးတက်လာအောင် လုပ်ဆောင်သင့်တယ်” ဟု ဆိုသည်။

ထို့အပြင် တိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့ရန်မှာ နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားငွေများ၏ အချုပ်မှာ ဒေါ်လာစျေးနှုန်းဖြစ်ကြောင်း ၄င်းကဒေါ်လာစျေးမြင့်တက်နေမှုပေါ် လုပ်ဆောင်ရမည်ကို ထောက်ပြပြောဆိုသည်။

“ တစ်ချို့ကပြောကြတယ်။ ကန်စွန်းရွက်စျေးတက်တာ ဒေါ်လာစျေးတက်တာနဲ့မဆိုင်ဘူး ပေါ့။ အမှန်တကယ်ဆိုရင် ဆိုင်ပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ စျေးနှုန်းတွေ အားလုံးရဲ့အချုပ်ဖြစ်နေတာကိုးဗျ။ ဒါကြောင့်မို့ ဆန် ဆီ ဆား ငရုပ် ကြက်သွန်  စတဲ့ ကုန်စျေးနှုန်တက်တယ်ဆိုရင် ဒါ Exchange rate  ကအဓိက တရားခံဆိုတာမျိုးပေါ့နော်။ ဒါကြောင့် ပြန်ချုပ်ရမယ်ဆိုရင် တိုင်းပြည်စီးပွားရေးဦးမော့ဖို့ဆိုရင် စီးပွားရေးကိုတည်ငြိမ်အောင်လုပ်သင့်တယ်” ဟု ဆိုသည်။ 

ထို့အပြင် ကုန်သွယ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များဖြေလျှော့ခြင်းအပါအဝင် နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများအတွက် ဖြေလျှော့ခြင်းနှင့် စက်မှုလုပ်ငန်းများနှင့် ပတ်သက်၍လည်း မူဝါဒ ပြုပြင်ပြောင်းလဲလုပ်ဆောင်မှသာ အနာဂတ်မြန်မာ့စီးပွားရေး ဦးမော့လာနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required