ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပက်ကွီအို လက်ဝှေ့လောကမှ အနားယူကြောင်း ကြေညာ

ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ပက်ကွီအို လက်ဝှေ့လောကမှ အနားယူကြောင်း ကြေညာ

၂၀၂၂ ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်သွားဖို့ ရှိနေတဲ့ ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် မန်နီ ပက်ကွီအိုဟာ ၎င်းဟာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ လက်ဝှေ့သမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် ယခုအခါ လက်ဝှေ့လောကကို ကျောခိုင်းစွန့်ခွာပြီဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။

ဝိတ်တန်း ၈ ခု ကမ္ဘာ့ချန်ပီယံနဲ့ ဖိလစ်ပိုင်ရဲ့ နိုင်ငံ့ဂုဏ်ဆောင် လက်ဝှေ့‌ကျော် ဖြစ်ခဲ့သလို ဆိနိတ်တာတစ်ဦးလည်းဖြစ်တဲ့ ပက်ကွီအိုဟာ သမ္မတ ရိုဒရီဂို ဒူတာတေးနေရာ အစားဝင်မယ့် နောက်တက်မယ့် ဖိလစ်ပိုင်သမ္မတ ရာထူးနေရာအတွက် ယှဉ်ပြိုင်သွားဖို့ ရည်မှန်းနေသူ ဖြစ်ပါတယ်။

၎င်းကို ဆင်းရဲတွင်းကနေ လွတ်မြောက်စေခဲ့တဲ့ လက်‌ဝှေ့အားကစားကို ကျောခိုင်းစွန့်ခွာရတာက သူ့ဘဝအတွက် “အခက်ခဲဆုံး ဆုံးဖြတ်ချက်” ဖြစ်ခဲ့တယ်လို့လည်း ပက်ကွီအိုက ပြောပါတယ်။

“လက်‌‌ဝှေ့သမားတစ်ဦးအဖြစ် ကျွန်တော် ရှိနေမှုကာလက ပြီးဆုံးသွားပြီဆိုတာကို လက်ခံဖို့က ကျွန်တော့်အတွက် ခက်ခဲလှပါတယ်။” လို့ အသက် ၄၂ နှစ်ရှိ ပက်ကွီအိုက တွစ်တာမှာ တင်ခဲ့တဲ့ ဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာ ပြောခဲ့ပါတယ်။

“ဒီနေ့မှာ ကျွန်တော် အနားယူပြီဆိုတာကို ကြေညာတာဖြစ်ပါတယ်”

လက်ဝှေ့လောကရဲ့ ထာဝရ အကောင်းဆုံး ကစားသမားတွေအနက် တစ်ဦးအဖြစ် ရှုမြင်ခံရတဲ့ ပက်ကွီအိုဟာ ဒီ မတိုင်မီ ပြီးခဲ့သည့် သီတင်းပတ်တွေအကြာက လက်စ်ဗီးဂတ်စ်မှာ ကျူးဘား လက်ဝှေ့သမား ‌ယောဒန်နစ် အူးဂါ့စ်နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲစဉ်ဟာ ၎င်းရဲ့ နောက်ဆုံးသော ပရော်ဖက်ရှင်နယ် လက်ဝှေ့ပွဲစဉ်ဖြစ်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်က အောက်လွှတ်တော်အမတ်တစ်ဦးအဖြစ် နိုင်ငံရေးလောကထဲ ဝင်ရောက်ခဲ့ပြီး ယင်းနောက် ဆိနိတ်တာအဖြစ် ရွေးကောက်ခံထားခဲ့ရတဲ့ ပက်ကွီအိုက ပြီးခဲ့တဲ့အပတ်က ၎င်းဟာ နိုင်ငံရဲ့ အမြင့်ဆုံးရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်သွားတော့မယ်လို့ ပြောခဲ့ပါတယ်။

ကလေးငါးဦး ဖခင် အိမ်ထောင်သည် ဖြစ်တဲ့ ပက်ကွီအိုက ၎င်းအနေနဲ့ ကမ္ဘာတဝန်းက အားပေးသူပရိသတ်သန်းချီကို ကျေးဇူးတင်ကြောင်း ပြောခဲ့သလို ၎င်းနဲ့ ကာလကြာ လက်တွဲခဲ့တဲ့ ထရိန်နာ ဖရက်ဒီ ရို့ချ်ကိုလည်း အထူးတလည် ဂုဏ်ပြုခဲ့ပြီး ဖရက်ဒီဟာ “၎င်းရဲ့ မိသားစု၊ ညီအကို သို့မဟုတ် မိတ်ဆွေတစ်ဦး” ပင်ဖြစ်ကြောင်း ပက်ကွီအိုက ပြောခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားတစ်ဦးအဖြစ် ၂၆ နှစ်ကြာ ဖြတ်သန်းပြီးနောက် ပက်ကွီအိုဟာ လက်ဝှေ့လောကကနေ အနားယူဖို့ စီစဉ်နေပြီဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေကို ယခုဆုံးဖြတ်ချက်က အဆုံးသတ်စေခဲ့ပါတယ်။ ပက်ကွီအိုဟာ ၎င်းရဲ့ လက်ဝှေ့သက်တမ်းအတွင်း ထိုးသတ်ခဲ့တဲ့ ပွဲစဉ်တွေအနက် ၆၂ ပွဲ နိုင်၊ ၈ ပွဲ ရှုံး၊ ၂ ပွဲ သရေ ရလဒ် ရှိထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly