ပါကစ္စတန်တွင် ဒုစရိုက်သမားများက ဆောက်လုပ်ဆဲ အမျိုးသမီး စာသင်ကျောင်းဆောင်ကို ဖောက်ခွဲဖျက်ဆီး

ပါကစ္စတန်တွင် ဒုစရိုက်သမားများက ဆောက်လုပ်ဆဲ အမျိုးသမီး စာသင်ကျောင်းဆောင်ကို ဖောက်ခွဲဖျက်ဆီး

ပါကစ္စတန်နိုင်ငံ ခီဘာပက်သွန်ခဝါဒေသရှိ တန့်ခ်ခရိုင်တွင် ဆောက်လုပ်ဆဲ အမျိုးသမီး စာသင်ကျောင်းဆောင် ဒုစရိုက်သမားအများအပြားက စက်တင်ဘာ ၂၃ ရက်တွင် ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

စာသင်ကျောင်းဆောင်သည် လုံးဝပျက်စီးသွားသော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း Dawn သတင်းဌာနက ဖော်ပြထားသည်။

“ဖောက်ခွဲရေးပစ္စည်း ၄/၅ ကီလိုဂရမ်လောက် အသုံးပြုသွားပါတယ်။ ရဲတပ်ဖွဲ့က ဒုစရိုက်သမားတွေကို ပထမသတင်းပေးတိုင်ကြားချက် ဖွင့်ထားပြီး စုံစမ်းမှုတွေ စတင်လုပ်ဆောင်နေပါတယ်” ဟု တန့်ခ် ခရိုင်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် ပညာရေးကဏ္ဍအဆိုးရွားဆုံးနိုင်ငံများတွင် ပါဝင်နေပြီး ပညာမသင်ကြားရသည့် အမျိုးသမီးအမြောက်အများ ရှိနေသည်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် အစိုးရသစ်က ထုတ်ပြန်ခဲ့သည့် လုပ်ငန်းအစီအစဉ်တွင် ပါကစ္စတန်၌ ကျောင်းမတက်နိုင်သည့် ကလေးငယ် ၂၂ ဒသမ ၅ သန်းရှိနေရာတွင် အမျိုးစုသည် မိန်းကလေးများဖြစ်ကြောင်း ဖော်ပြထားသည်။

မူလတန်းကျောင်းနေအရွယ် မိန်းကလေး ၃၂ ရာခိုင်နှုန်းနှင့် ယောက်ျားလေး ၂၁ ရာခိုင်နှုန်းသည် ကျောင်းမတက်ရပေ။ အလယ်တန်းသို့ မရောက်မီ မိန်းကလေး ၅၉ ရာခိုင်နှုန်းနှင့် ယောက်ျားလေး ၄၉ ရာခိုင်နှုန်းတို့ ကျောင်းထွက်သွားကြသည်။

အဆိုပါ ကိန်းဂဏန်းများသည် မိန်းကလေးများ ပညာသင်ကြားနိုင်ခြင်း မရှိသည်ကို ဖော်ပြနေသလို ပါကစ္စတန်တွင် အမျိုးသားနှင့် အမျိုးသမီးတို့အကြား အခွင့်အရေးမမျှတမှုတစ်ခုအဖြစ်လည်း တွေ့မြင်နိုင်သည်။

ပါကစ္စတန်သည် အာရှတိုက်တွင် မွေးဖွားမိခင် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများစာရင်း၌ ပါဝင်နေသလို အမျိုးသမီးများနှင့် မိန်းကလေးများကို ဗလက္ကာရ ပြုကျင့်ခံရခြင်း၊ ဂုဏ်သိက္ခာကြောင့်သေဒဏ်အပြစ်ပေးခြင်း၊ အက်ဆစ်ဖြင့် တိုက်ခိုက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်မှု၊ အတင်းအဓမ္မလက်ထပ်ခြင်းနှင့် အရွယ်မရောက်မီ လက်ထပ်ခြင်း အပါအဝင် အကြမ်းဖက်မှုများသည် ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်နေပြီး အစိုးရ၏ အရေးယူ ဆောင်ရွက်မှုများသည်လည်း လုံလောက်မှုမရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly