နှစ်လတာ လော့ဒေါင်း ဖြေလျှော့လိုက်၍ ဟနွိုင်းမြို့တော်မှာ သွားလာလှုပ်ရှားမှုတွေနဲ့ ပြန်လည်အသက်ဝင်လာ 

နှစ်လတာ လော့ဒေါင်း ဖြေလျှော့လိုက်၍ ဟနွိုင်းမြို့တော်မှာ သွားလာလှုပ်ရှားမှုတွေနဲ့ ပြန်လည်အသက်ဝင်လာ 

စက်တင်ဘာ ၂၉

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို တားဆီးနိုင်ရေး နှစ်လတာလော့ဒေါင်းချထားတဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်မှာ အာဏာပိုင်တွေက COVID-19 ကန့်သတ်ချက်တော်တော်များများကို ဖြေလျှော့ပေးလိုက်တာကြောင့် အင်္ဂါနေ့ နံနက်ပိုင်းမှာဆိုရင် အပြင်မှာ နံနက်ခင်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်ကြသူတွေနဲ့ လမ်းတွေဟာ ပြန်လည်အသက်ဝင်လို့ လာခဲ့ပါတယ်။ 

မြို့အာဏာပိုင်အဖွဲ့ရဲ့ တနင်္လာနေ့က ဆုံးဖြတ်ချက်အရ ဟနွိုင်းမြို့နေတွေကို လူ ဆယ်ဦးထက် မစုရုံးစေဘဲ အပြင်ဖက် အားကစားလုပ်တာတွေကို ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ 

အခု ဆုံးဖြတ်ချက်ဟာ ဗီယက်နမ်မြို့တော်နေ ပြည်သူများစွာအတွက်တော့ အတော်လေးကို စိတ်ဖြေသိမ့်စရာ ရတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဟနွိုင်းမြို့ခံတွေအနေနဲ့ နှစ်လတာ လော့ဒေါင်းကာလအတွင်း အိမ်ထဲပဲ အောင်းနေခဲ့ရတာ များပြီး အပြင်ထွက် လေ့ကျင့်ခန်း လုပ်တာတွေလည်း မလုပ်ဆောင်ရဘဲ ရှိခဲ့တာပါ။ 

“COVID-19 လော့ဒေါင်းကာလမှာ ကျွန်တော် အတော်လေး စိတ်မွန်းကျပ်တယ်၊ ခန္ဓာကိုယ်အားဖြင့်လည်း မသက်မသာ ဖြစ်ရတယ်၊ အခုတော့ အိမ်ပြင်ဖက် လေ့ကျင့်ခန်း လုပ်တာတွေကို အာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီမို့ ကျွန်တော် ကြက်တောင်ရိုက်ကစားအပြီး ဒီကနေ့မှာ ပိုပြီး ကျန်းကျန်းမာမာ ရှိလာသလို ခံစားရတယ်”ဆိုပြီး ဒေသခံ ဗိုအန့်ဒန်းက ပြောပါတယ်။ 

“ကျွန်မတို့တွေဟာ ပုံမှန် လေ့ကျင့်ခန်း လုပ်နေကြပါ၊ နောက်ပိုင်းမှာ COVID-19 လော့ဒေါင်းကြောင့် ရုတ်တရက်ဆိုသလိုပဲ လေ့ကျင့်ခန်း လုပ်တာတွေ ပျက်သွားတော့တယ်၊ ကျွန်မ အပါအဝင် ကျွန်မတို့အားလုံး နွမ်းနွမ်းလျလျနဲ့ မသက်မသာ ကိုယ်လက်လေးလံနေတာတွေ ခံစားခဲ့ကြရတယ်၊ နေထိုင်မကောင်းဖြစ်နေတဲ့ အတိုင်းပဲ”လို့ အသက် ၆၇ နှစ်အရွယ် လဟာပြင် အေရိုးဘစ်သင်တန်း ခေါင်းဆောင်း လီသီဟန်းဆိုသူက ပြောပါတယ်။ 

ရှော့ပင်းစင်တာတွေ၊ ဖက်ရှင်ဆိုင်တွေနဲ့ ကော်စမတ်တစ်စတိုးဆိုင်တွေကိုလည်း အင်္ဂါနေ့ကတည်းက ဖွင့်လှစ်ခွင့် ပြုထားပေမယ့် အစားအစာနဲ့ အဖျော်ယမကာဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုဖို့ ဆောင်ရွက်နေဆဲ အခြေအနေမှာ ရှိပါတယ်။ 

ဗီယက်နမ်နိုင်ငံမှာ ဧပြီလနှောင်းပိုင်း ကိုရိုနာဗိုင်းရပ်စ် စတုတ္ထလှိုင်း ကျရောက်ချိန်ကစလို့ ဟနွိုင်းမြို့တော်မှာ COVID-19 ကူးစက်ဖြစ်ပွားသူပေါင်း ၄၂၀၀ ကျော်ထက်မနည်း ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာတော့ ၄၈ နာရီအတွင်း ဒေသတွင်း ကူးစက်မှု မရှိကြောင်း စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ 

မြို့ရဲ့ ကျန်းမာရေးဝန်ထမ်းဝွေဟာလည်း လူဦးရေ ၅ ဒသမ ၈ သန်းကို ကာကွယ်ဆေး ပထမအလုံး ထိုးပေးထားပြီး တစ်သန်းကျော်ထက်မနည်းကို ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးပြီးကြောင်း အမျိုးသား COVID-19 ကာကွယ်ဆေး ထိုးနှံရေးဌာနအရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required