ပြင်ဦးလွင် အ၀င်ဂိတ်တွင် COVID-19 အကြောင်းပြ၍ ခရီးသွားများအပေါ် တရားခံပုံစံ စစ်ဆေးနေ

ပြင်ဦးလွင် အ၀င်ဂိတ်တွင် COVID-19 အကြောင်းပြ၍ ခရီးသွားများအပေါ် တရားခံပုံစံ စစ်ဆေးနေ

စက်တင်ဘာ ၂၉

ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးသွားပြည်သူများအား စစ်ကောင်စီက COVID-19 ကင်းစင်ရေးစီမံချက်အကြောင်းပြကာ ရဲစခန်းသို့အချုပ်ကားဖြင့်ခေါ်ဆောင်သွား၍ ပြစ်မှုကျူးလွန်ထားသည့် တရားခံများကဲ့သို့ဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်းများပြုလုပ် စစ်ဆေး နေကြောင်း သိရသည်။

“ကျွန်တော်တို့ကို ကားပေါ်ကအကုန်ဆင်းခိုင်းတယ်။ COVID စစ်မလို့ဆိုပြီး နှာခေါင်းထိုးစစ်တယ်။ Negative ဖြစ်ရဲ့သားနဲ့ရဲစခန်းသွားရမယ် ။ ခဏစောင့်ဆိုလို့ စောင့်ရတယ်။ နောက်တော့ တခြားလူတွေနဲ့အတူအချုပ်ကားပေါ်တက်ခိုင်းပြီး ရဲစခန်းတစ်ခုဆီခေါ်သွားတယ်။ အဲဒီမှာနှစ်နာရီကျော်လောက်ကြာတော့ ပုံစံဆိုလားဖြည့်ရတယ်။ နောက်တော့ဓာတ်ပုံရိုက်ယူပြီး ပြန်လွှတ်လိုက်တာပဲ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။

ပြင်ဦးလွင်မြို့အဝင် ကျောက်တောင်ဂိတ်၊ နယ်ကျော်စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်ကစ၍ စစ်ကောင်စီက COVID-19 ရောဂါကင်းစင်ရေးစီမံချက်ဟုဆိုကာ နယ်ကျော်ကတ်စစ်ဆေးခြင်း၊ နယ်ကျော်ကတ်မပြနိုင်လျှင် နှာခေါင်းထိုးစစ်ပြီး Positive တွေ့လျှင် ၁၄ ရက် Quarantine ဝင်ခိုင်းခြင်းနှင့် Negative အဖြေထွက်ပါက အချုပ်ကားဖြင့် ရဲစခန်းသို့ခေါ်ဆောင်သွားကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်နေကြောင်း ယခုရက်ပိုင်း ပြင်ဦးလွင်မြို့ သွားရောက်ခဲ့သူများထံမှ သိရသည်။

ပြင်ဦးလွင်မြို့ခံတစ်ဦးက “အဲဒါလုပ်နေတာတစ်ပတ်လောက်ရှိပြီဗျ။ သူတို့ကတစ်နေရာထဲမှာ အထိုင်ချပြီးလုပ်တာမဟုတ်ဘူး။ မိုဘိုင်းစနစ်နဲ့မိန်းလမ်းတွေမှာ လိုက်စစ်နေကြတာ၊ မိတဲ့သူခံရတာပါပဲ။ အများအားဖြင့်တော့ မြို့အဝင်(မန္တလေးဘက်ကအဝင်)ကျောက်တောင်ဂိတ်မှာစစ်ပြီး၊ မြို့မရဲစခန်းခေါ်သွားတာပါ။ အချုပ်ကား နဲ့ခေါ်တာ ဟုတ်ပါတယ်” ဟုပြောသည်။

စစ်ကောင်စီက COVID-19 ကင်းစင်ရေးစီမံချက်ဟုခေါင်းစဉ်တပ်၍ ခရီးသွားပြည်သူများအား ရဲစခန်းသို့အချုပ်ကားနှင့်ခေါ်သွားခြင်း၊ ပြစ်မှုကျူးလွန်ထားသည့်တရားခံများနှင့်မခြား ဓာတ်ပုံရိုက်မှတ်တမ်းတင်ခြင်းတို့သည် လူ့ဂုဏ်သိက္ခာကိုချိုးဖဲ့ပြီးလူ့အခွင့်အရေးကိုချိုးဖောက်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly