မြောက်ကိုရီးယားက အသံထက်မြန်ဒုံးကျည်သစ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် 

မြောက်ကိုရီးယားက အသံထက်မြန်ဒုံးကျည်သစ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် 
Photo - AFP

စက်တင်ဘာ ၂၉

မြောက်ကိုရီးယားနိုင်ငံဟာ အသံထက်မြန် ဒုံးကျည်သစ်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်တယ်လို့ နိုင်ငံပိုင်သတင်းကနေ ဗုဒ္ဓဟူးနေ့မှာ ကြေညာသွားတာကြောင့် နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားရဲ့ လက်နက်နည်းပညာမှာ နောက်ဆုံး ခေတ်မီလက်နက်ပဲ ဖြစ်ပါတယ်။ 

အင်္ဂါနေ့က ဒီ အသံထက်မြန် ဒုံးကျည်သစ်ကို စမ်းသပ်ပစ်လွှတ်အောင်မြင်တာဟာ ‘ကြီးမားတဲ့ မဟာဗျူဟာ တိုးတက်မှု”ပဲလို့ KCNA သတင်းဌာနက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ ကာကွယ်ဆေး စွမ်းရည်ကို အဆတစ်ထောင်မက တိုးချဲ့နိုင်အောင် ကြိုးပမ်းနေတာလည်းပဲ ဖြစ်ပါတယ်။ 

အသံထက်မြန် ဒုံးကျည်တွေဟာ အလွန်လျင်မြန်စွာ ပျံသန်းပြီး ပုံမှန်ဒုံးကျည်တွေထက်လည်း ပေါ့ပါးသွက်လက်တာကြောင့် ဒုံးကျည်ကာကွယ်ရေးစနစ်ကနေ ကြားဖြတ်ဟန့်တားနိုင်ဖို့လည်း ခက်ခဲပါတယ်။ အမေရိကန်ဟာ အသံထက်မြန် ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ရေးအတွက် ဒေါ်လာ ဘီလီယံများစွာ အကုန်အကျခံ သုံးစွဲလျက် ရှိနေပါတယ်။ 

ဂျာဂန်းပြည်နယ်ကနေ ပစ်လွှတ်ခဲ့တဲ့ အခု ဒုံးကျည်ဟာ ထိန်းမတ်ရ လွယ်ကူပြီး ငြိမ်သက်စွာ ပျံသန်းနိုင်ကြောင်း၊ အသံမြန်တဲ့ နှုန်းနဲ့ ထိပ်ဖူးတင်ဆောင် ပျံသန်းနိုင်တဲ့ ထူးခြားဝိသေသလက္ခဏာရှိကြောင်း KCNA သတင်းက ဆိုပါတယ်။ 

“အခု စမ်းသပ်မှုရလဒ်က သက်သေပြနေတာကတော့ နည်းပညာသတ်မှတ်ချက်တွေ အားလုံး ပြည့်စုံတဲ့ ဒီဇိုင်းနဲ့ အသံထက်မြန်ဒုံးကျည်တစ်စင်း အောင်မြင်စွာ ပစ်လွှတ်နိုင်တာကိုပါပဲ”လို့ ယင်းသတင်းဌာနက ထပ်လောင်းပြောပါတယ်။ 

Hwasong-8 လို့ အမည်ပေးထားတဲ့ ဒီ ဒုံးကျည် ပစ်လွှတ်မှုကို ထိပ်တန်းတာဝန်ရှိသူ ပတ်ဂျုံးချွန်က ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ KCNA က ပြောပြီး ခေါင်းဆောင် ကင်ဂျုံးအွန်အကြောင်း ဖော်ပြခဲ့တာတော့ မရှိပါ။ 

နိုင်ငံပိုင် Rodong Sinmun သတင်းစာကလည်း ဒီလက်နက်ရဲ့ ဓာတ်ပုံကို ဖော်ပြထားရာမှာ ကတော့ချွန်ထိပ်ဖူးရဲ့ အောက်ပိုင်းမှာ အီလက်ထရွန်နစ်ပဲ့ထိန်းဒလက်တွေ ပါရှိတဲ့ ဒုံးကျည် ဝေဟင်ထဲ ပျံတက်နေပုံကို ထုတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 

မြောက်ကိုရီးယားရဲ့ အခု ဒုံးကျည်ပစ်လွှတ်မှုအကြောင်း တောင်ကိုရီးယားက အချိန်တစ်နာရီအတွင်း ရနိုင်သမျှ သတင်းအချက်အလက်နဲ့ ပစ်လွှတ်မှု ရှိခဲ့တာ အမှန်ဖြစ်ကြောင်း အတည်ပြုကြေညာပေမယ့် ဒုံးကျည်ရဲ့ အမြင့်ဆုံး ရောက်နိုင်တဲ့ အတိုင်းအတာနဲ့ ပျံသန်းနိုင်တဲ့ အကွာအဝေးတို့ကိုတော့ ထုတ်ပြန်တာ မရှိပါ။ 

အခု ပစ်လွှတ်တဲ့ ဒုံးကျည်ဟာ အရင် ပစ်လွှတ်နေကြ ဒုံးကျည်တွေကနေ ‘ခြားနားတဲ့ ပျံသန်းမှု ပုံပန်းသဏ္ဍာန်’ ရှိနေတယ်လို့ အမည်မဖော်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး တောင်ကိုရီးယား မီဒီယာက ဖော်ပြပါတယ်။ သမ္မတ မွန်ဂျေအင်းကလည်း မြောက်ကိုရီးယား အခု ပစ်လွှတ်မှုကို ‘ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်စုံစမ်း’ ဖို့ တိုက်တွန်းထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly