စက်တင်ဘာ ၂၈
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ အတွင်းရှိ လေးကေကော်မြို့သစ်ကို စစ်ကောင်စီလက်အောက်ခံ ခမရ (၅၆၀) တပ်ရင်း စစ်ကြောင်းက ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီဝန်းကျင်အချိန်က လက်နက်အပြည့်အစုံဖြင့် နေအိမ်များကို ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က လေးကေကော်မြို့သစ်တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည့် ကိစ္စအပေါ် လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း လေးကေကော်မြို့သစ် တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့တယ်လေ။ အဲဒီဟာအတွက် နယ်မြေရှင်းလင်းရေးသဘော ဝင်လာတာတဲ့။ အိမ်တွေဘာတွေ စစ်ချင်တယ်ဆိုတော့ ကျွန်တော်တို့ကလည်း ပေးစစ်လိုက်တာပေါ့” ဟု လေးကေကော်မြို့သစ် တာဝန်ရှိသူက ပြောသည်။
အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်း ဝင်ရောက်စစ်ဆေး မှုများပြုလုပ်ပြီးနောက် မွန်းတည့် ၁၂ နာရီမိနစ် ၃၀ ခန့်တွင် ပြန်လည်ထွက်ခွာသွားသည်။
ဒေသအတွင်း စစ်ရေးတင်းမာနေချိန် ယခုကဲ့သို့အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာမှုအပေါ် ဒေသခံများအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့သည်။
“လက်ရှိအခြေနေက သိတဲ့အတိုင်းပဲလေ။ ကျွန်တော်တို့ဘက်ကလည်း စိုးရိမ်စိတ်တော့ ဖြစ်သွားတာပေါ့။ ဒီလိုဝင်လာတယ်ဆိုတော့။ ရပ်ကွက်ထဲက ပြည်သူလူထုတွေကလည်း မေးနေတာပေါ့အမြဲတမ်း၊ ဘယ်လိုဖြစ်တာလဲပေါ့။ အခုက စစ်ရေးတင်းမာနေချိန် သူတို့ဝင်လာတော့ စိုးရိမ်စိတ်တွေတော့ များသွားတာပေါ့” ဟု လေးကေကော်မြို့သစ် တာဝန်ရှိသူက ပြောသည်။
KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေရှိ လေးကေကော်မြို့သစ်ကို သမ္မတ ဦးသိန်းစိန်လက်ထက် မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ နိပွန်ဖောင်းဒေးရှင်းက ကမကထပြုလုပ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။