ဆားဘီးယားက သံချပ်ကာယာဉ်တွေ ကိုဆိုဗိုနယ်စပ်မှာ ဖြန့်ကြက်လာတာကြောင့် တင်းမာမှုတွေ မြင့်တက် 

ဆားဘီးယားက သံချပ်ကာယာဉ်တွေ ကိုဆိုဗိုနယ်စပ်မှာ ဖြန့်ကြက်လာတာကြောင့် တင်းမာမှုတွေ မြင့်တက် 

စက်တင်ဘာ ၂၈

ဆားဘီးယားနိုင်ငံဟာ ၎င်းရဲ့ ခွဲထွက်နယ်မြေတစ်ခုအဖြစ်သာ အသိအမှတ်ပြုထားတဲ့ ကိုဆိုဗိုနယ်စပ်ရှေ့တန်းနားမှာ သံချပ်ကာယာဉ် လေးစင်း ဖြန့်ကြက်ချထားလာတာကြောင့် တင်းမာမှု ရေချိန် မြင့်တက်လို့လာပြီး တနင်္လာနေ့မှာ နေတိုးငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ် KFOR ဟာ ကိုဆိုဗိုမှာ တင်းတင်းကြပ်ကြပ် ကင်းလှည့်မှုတွေ ဆောင်ရွက်နေရပါတယ်။ 

အယ်ဘေးနီးယန်း တိုင်းရင်းမျိုးနွယ်တွေ ဦးဆောင်တဲ့ ကိုဆိုဗိုအစိုးရရဲ့ အမိန့်အာဏာကို ငြင်းပယ်ကြတဲ့ လူနည်းစု ဆာ့ဘ်တိုင်းရင်းသားတွေ အများစုနေထိုင်ရာ ဒေသရဲ့ တင်းမာမှုနယ်မြေ မြောက်ပိုင်းအရပ်ဆီ ကိုဆိုဗိုက အထူးရဲတပ်ဖွဲ့ စေလွှတ်ပြီးနောက်မှာ ဆားဘီးယားဟာ စစ်တပ်ကို ‘အထူးတပ်လှန့်’ ထားတာပဲ ဖြစ်ပါတယ်။ 

ဆာဘီးယား မှတ်ပုံတင်နံပါတ်ပြားနဲ့ ယာဉ်မောင်းတွေဟာ ကိုဆိုဗိုဆီ ဝင်ရောက်ရင် ယာယီနံပါတ်ပြား တပ်ဆင်ရမယ်ဆိုတဲ့ ကိုဆိုဗိုအစိုးရရဲ့ ဆုံးဖြတ်ချက်ကို အသက်ဝင်အောင် ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ် တနင်္လာနေ့မှာ အထူးရဲတပ်ဖွဲ့ကို မြောက်ဖက်နယ်စပ်ဆီ တပ်ဖြန့်စေလွှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ကိုဆိုဗိုအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန် အမျက်ထွက်ကြပြီး ဆားဘီးယား နံပါတ်ပြားပဲ အများစု တပ်ဆင်ထားကြတဲ့ တိုင်းရင်းသား ဆာ့ဘ်မျိုးနွယ် ရာပေါင်းများစွာဟာ နေ့စဉ် ဆန္ဒပြကြပြီး ဆားဘီးယားဆီ ဖြတ်သန်းတဲ့ မြောက်ပိုင်း ဖြတ်သန်းလမ်းကြောင်းနှစ်ရပ်ကိုလည်း ပိတ်ဆို့ထားခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ဆားဘီးယားစစ်တပ်ဟာ နယ်စပ်ဖြတ်သန်းရာ၌ နှစ်ကီလိုမီတာ (၁ ဒသမ ၂ မိုင်) လောက်တာဝေးတဲ့ နေရာမှာ သံချပ်ကာယာဉ် လေးစင်းတပ်စွဲချထားလာတာပဲ ဖြစ်ပါတယ်။ 

အနီးနားမှာ စစ်တပ်က ခုလို ရှေ့မတိုး နောက်မဆုတ်တဲ့ ပုံစံမျိုးနဲ့ ရှိနေပေမယ့် နယ်စပ်ဖြတ်သန်းရာနေရာမှာတော့ အေးအေးဆေးဆေးပဲ ရှိနေတယ်လို့ အေအက်ဖ်ပီသတင်းထောက်က ဆိုပါတယ်။ 

ဆားဘီးယားတပ်တွေနဲ့ ဌာနေတိုင်းရင်း အယ်ဘေးနီးယန်းပြောက်ကျားတပ်တွေကြား သွေးထွက်သံယို ထိပ်တိုက်တိုက်ပွဲတွေကို ၁၉၉၉ ခုနှစ်မှာ နေတိုးက ထိရောက်စွာ ကြားဝင်ပြီး အဆုံးသတ်စေခဲ့ပြီးကတည်းက ကိုဆိုဗိုဟာ နိုင်ငံတကာစစ်တပ်ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။ 

ရက်အတန်ကြာအောင် KFOR ရဟတ်ယာဉ်တွေဟာ နယ်စပ်ဒေသတွေမှာ ပုံမှန်ကင်းလှည့်ပျံသန်းမှုတွေကို ဆောင်ရွက်လျက် ရှိနေပါတယ်။ 

“ကိုဆိုဗိုနယ်စပ်တစ်ဖက်က အခြေအနေကို KFOR က အနီးကပ် စောင့်ကြည့်နေပြီး ကိုဆိုဗိုဒေသတွင်းက အသိုက်အဝန်းအားလုံး ဘေးကင်းပြီး အာမခံနိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်ရေးနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်ရေးကို ရှေရှုအာရုံစိုက်ထားပါတယ်”လို့ နေတိုးဦးဆောင်တဲ့ တပ်တွေက ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောပါတယ်။ 

“ကိုဆိုဗို မြောက်ပိုင်းအပါအဝင် ကိုဆိုဗို တစ်နံတစ်လျားမှာ KFOR ဟာ ပုံမှန်ကင်းလှည့်တဲ့ အရေအတွက်နဲ့ ကြာချိန်ကိုပါ တိုးမြှင့်ပြီး အနီးကပ်စောင့်ကြည့်ကင်းလှည့်လျက် ရှိနေပါတယ်”လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly