ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်‌ရောက်မှုဖြင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရပြန်

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်‌ရောက်မှုဖြင့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရပြန်

စက်တင်ဘာ ၂၈

အလုပ်အကိုင် ရရှိရေးအတွက် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားများ နေ့စဉ်နီးပါးဆိုသလို ဖမ်းဆီးခံရမှုများ ရှိနေခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၂၇ ရက်ကလည်း အလုပ်အကိုင်ရှာဖွေသူ မြန်မာနိုင်ငံသား ၁၃ ဦး ထိုင်းနိုင်ငံ မူအန်းခရိုင်ထဲတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ နေ့လည် ၁ နာရီ ခွဲခန့်က ထိုင်းနယ်စပ် ကင်းလှည့်တပ်ဖွဲ့  Lat Ya Task Force သည် စစ်ဆေးရေးဂိတ်တစ်ခုအနီး တောအုပ်တစ်ခုထဲ၌ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသားများ ပုန်းခိုနေသည် ဆိုသည့် သတင်းရရှိပြီး အဆိုပါသစ်တောထဲသို့ သွားရောက်ခဲ့သည်။

ယင်းနောက် ထိုင်း ကင်းလှည့်အဖွဲ့မှ စစ်သားများသည် မြန်မာနိုင်ငံသားအုပ်စုတစ်ခုကို တွေ့ရှိပြီး ပိတ်ဆို့ဖမ်းဆီးခဲ့စဉ် မြန်မာနိုင်ငံသားတစ်ချို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြသည်။ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ခြောက်ဦး စုစုပေါင်း ၁၃ ဦးမှာမူ ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ မြန်မာ ၁၃ ဦး၏ အဆိုအရ ၎င်းတို့သည် မြန်မာနိုင်ငံ ရန်ကုန်နှင့် မော်လမြိုင်တို့မှ လာကြသူများဖြစ်ပြီး လူ ၂၂ ဦး ယောက်ပါ အုပ်စုဖြင့် ထိုင်းနိုင်ငံထဲ ဝင်လာခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ပိတ်ဆို့ဖမ်းဆီးခံရစဉ် ကိုးဦး ထွက်ပြေးလွတ်မြောက်သွားသည်။

၎င်းတို့သည် ဆမွတ်ဆာခွန်ခရိုင်တွင် အလုပ်ရရှိရေးအတွက် အလုပ်အကိုင်ပွဲစားများကို တစ်ဦးလျင် ဘတ် ၂၀,၀၀၀ စီ ပေးခဲ့ကြရသည်ဟု ပြောသည်။

ယခုအခါ ၎င်းတို့ကို ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်ရန်နှင့် နေရပ်ပြန်ပို့ရန် သက်ဆိုင်ရာ ဒေသရဲတပ်ဖွဲ့သို့ လွှဲအပ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly