ဝေယံ (တောင်ကြီး) နှင့် လဂွန်းအိမ် နိုင်ငံတကာဆုရရှိ

ဝေယံ (တောင်ကြီး) နှင့် လဂွန်းအိမ် နိုင်ငံတကာဆုရရှိ

စက်တင်ဘာ ၂၈

စစ်အာဏာသိမ်းမှုကိုသရော်လှောင်ပြောင်ကာတွန်းများရေးဆွဲနေခဲ့သည့် ဝေယံ(တောင်ကြီး) နှင့် လဂွန်းအိမ်တို့ နှစ်ဦးကို ကာတွန်းပညာရှင်များ အခွင့် အရေးဆိုင်ရာ နိုင်ငံတကာကွန်ရက် (CRNI) က ဆုချီးမြှင့်ပေးအပ်လိုက် သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံတွင် ခိုလှုံရောက်ရှိနေသော မြန်မာကာတွန်းဆရာ နှစ်ဦးအနေဖြင့် CRNI ၏ တစ်နှစ်တစ်ကြိမ် ချီးမြှင့်ပေးအပ်သည့် နိုင်ငံရေး ကာတွန်းဆုတစ်ဆုဖြစ်သည့် Robert Russell Courage in Cartooning Award (ရောဘတ်ရက်ဆဲလ် ရဲရင့်မှု ကာတွန်းဆု) ကို အမေရိကန်နိုင်ငံမှာပင် လက်ခံရယူရမှာဖြစ်သည်။

၁၉၉၉ ခုနှစ်က စတင်ချီးမြှင့်သော ရောဘတ်ရက်ဆဲလ် ရဲရင့်မှု ကာတွန်းဆုကို မြန်မာနိုင်ငံသားများအကြား ပထမဆုံးဆွတ်ခူးရရှိမှုဖြစ်သည်။

ဝေယံ (တောင်ကြီး) က မဇ္ဈိမသို့ပေးပို့သော ဆုရရှိခြင်းနှင့်ပတ်သက်သည့် ပြောစကားတွင် " အာဏာရှင်ကိုတော်လှန်လို့ ချီးမြှင့်တယ်လို့ အကြမ်းမျဉ်း သိထားတယ်။ အမိမြန်မာနိုင်ငံကိုယ်စားရရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ငံတကာကာတွန်းဆရာတွေ အားလုံးထဲကမှ အရွေးချယ်ခံရလို့ပါခင်ဗျာ။ ကျွန်တော်ရှေ့ဆက်ပီး အာဏာရှင်ကို သရော်တဲ့ကာတွန်းတွေ ဆက်ဆွဲသွား ပါ့မယ်။" ဟု ပြောကြားသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကာတွန်းဆရာများ အသင်းသည် လမ်းပေါ်ထွက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြ သည်။ ထို့အပြင် ကာတွန်းဆရာများ ရေးဆွဲသော လက်ရာများကို ဆန္ဒပြသမား များ အသုံးပြုခဲ့ကြသလို အွန်လိုင်းနှင့် အများပြည်သူနေရာများတွင်လည်း အသုံးပြုခဲ့ကြသည်။

ဝေယံ (တောင်ကြီး) နှင့် လဂွန်းအိမ်တို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ရာ များက မဇ္ဈိမ၊ ခေတ်သစ်၊ ဧရာဝတီ၊ သံလွင်ခက် နှင့် 74 မီဒီယာတို့တွင် အတွေ့ ရများခဲ့သလို လူကြိုက်လည်းများခဲ့ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း အကျော်ကြားဆုံးသော ကာတွန်းဆရာများဖြစ်ခဲ့သည်။

သို့သော် ကာတွန်းဆရာနှစ်ဦးရေးဆွဲခဲ့သည့်လက်ရာများတွင် အငြင်းပွားဖွယ်ရာ အမျိုးသမီးများအပေါ်ခွဲခြားမှုနှင့် လူမျိုးရေးဆိုင်ရာအမြင်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။

" LGBTQအသိုင်းအဝိုင်းနှင့် အမျိုးသမီးအခွင့်အရေးများအတွက် ထိရှ နားလည် မှူ လွဲမှားမှုများရှိခဲ့ပါက အနူးအညွတ်တောင်းပန် ပါတယ်" ဟု ဝေယံ (တောင်ကြီး) က ပြောသည်။

ထို့အပြင် " ရိုဟင်ဂျာနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ်မှာ မှားခဲ့တာတွေ ရှိရင်တောင်းပန်ပါတယ်။" ဟု ကာတွန်းဝေယံ (တောင်ကြီး)က ဆက်ပြော သည်။

မြန်မာနိုင်ငံတွင် ဂျာနယ်လစ်များ ကြုံတွေ့ထားရသည့် အကြမ်းဖက်ခံရမှု၊ လက်ရှိဖြစ်ပေါ်ဆဲ ဖိစီးနှိပ်စက်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်တိုက်ခိုက်မှု တို့ အဆုံးသတ်ရေးအတွက် Amnesty International က တောင်းဆိုထားသည်။

ဧပြီလတွင် ဝေယံ(တောင်ကြီး) နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် လဂွန်းအိမ်တို့ သည် ၎င်းတို့အနေဖြင့် စစ်အာဏာသိမ်းအုပ်စုကို ဝေဖန်ပြစ်တင်မှုများ ဆက် လက် ထုတ်ဖော်ရန် လုံခြုံမှုမရှိတော့ဟု ခံစားမိခဲ့ကြပြီး နိုင်ငံထဲကနေ ထွက်ခွာ ရန် ဆုံးဖြတ်ခဲ့ကြသည်။

" စစ်တပ်အာဏာပိုင်များသည် ၎င်းတို့နှင့် အမြင်သဘောကွဲလွဲမှုများအပေါ် ဖိနှိပ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျူးလွန်သည့် ချိုးဖောက်မှုများကို ဖုံးဖိရန် ရည်ရွယ်သည့် ကြိုးပမ်းမှုတစ်ခုပင် ဖြစ်သည်။" ဟု နိုင်ငံ့အများအပြားတွင် ကွန်ရက်ချိတ်ဆက်ထားသည့် CRNI က ပြောသည်။

နယ်စည်းမခြားသတင်းထောက်များအသင်း (RSF) ၏ အကဲဖြတ်ချက်ချက်အရ လည်း ၂၀၁၃ နှင့် ၂၀၁၇ အကြား လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများက မြန်မာနိုင်ငံကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် အဆင့် ၂၀ တက် စေခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ တွင် ယင်းသည် ရုတ်ခြည်းပင် အဆုံးသတ်ပြီး မြန်မာနိုင်ငံ၏ ဂျာနယ်လစ်များကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အခြေအနေများ အတိုင်း ပြန်ရောက်သွားစေခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required