နျူကလီးယား စွမ်းအင်အတွက် သော်ရီယမ် ဒြပ်စင်များ ဂိုဘီသဲကန္တာရအတွင်း ထုတ်ယူနိုင်ရန် တရုတ် ပြင်ဆင်နေ

By Asia Times
28 September 2021
နျူကလီးယား စွမ်းအင်အတွက် သော်ရီယမ် ဒြပ်စင်များ ဂိုဘီသဲကန္တာရအတွင်း ထုတ်ယူနိုင်ရန် တရုတ် ပြင်ဆင်နေ

တရုတ်နိုင်ငံအတွင်း ဂိုဘီသဲကန္တာရအစွန်အဖျားရှိ ဝူဝေးဟု ခေါ်သည့်အရပ်၌ ဘေးကင်းလုံခြုံ၍ ကုန်ကျစရိတ်မများသော နျူကလီးယား စွမ်းအင် ထုတ်လုပ်နိုင်ရေးအတွက် တရုတ်အစိုးရက မကြာမီ စမ်းသပ်မှုများ ပြုလုပ်တော့မည်ဖြစ်သည်။

အဆိုပါ နည်းပညာသည် နျူကလီးယားလောင်စာတောင့်များ သို့မဟုတ် ယူရေနီယမ်သတ္တုများကို အအေးခံရန် ရေလိုအပ်မည်မဟုတ်ပေ။

သော်ရီယမ် ဒြပ်စင်ကို စမ်းသပ်အသုံးပြုမည့် နျူကလီးယားဓာတ်ပေါင်းဖိုတွင် လောင်စာအဖြစ် အသုံးပြုမည် ဖြစ်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် တွက်ခြေကိုက်သည့် နည်းပညာကို အသုံးပြုသည့် ကမ္ဘာ့ပထမဆုံး နိုင်ငံ ဖြစ်လာမည်ဟု ကျွမ်းကျင်သူများက ယုံကြည်ထားကြောင်း ဂျာမနီဘာသာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Spektrum.de တွင် ဖော်ပြထားသည်။

ဓာတ်ပေါင်းဖိုတွင် အအေးခံရာတွင် ရေကို အသုံးပြုမည့်အစား အရည်ကျိုဆားဖျော်ရည်ကို အသုံးပြုသွားမည်ဖြစ်သည်။

ပုံမှန်ထက် ဘေးကင်း၍ ဈေးသက်သာမည့် နျူကလီးယားစွမ်းအင်ကို ထုတ်လုပ်နိုင်ရန် အလားအလာရှိနေသလို သက်တမ်းကြာရှည်သည့် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်း ထွက်ရှိမှုတွင်လည်း သမားရိုးကျ ဓာတ်ပေါင်းဖိုများထက် နည်းပါးမည်ဖြစ်သည်။

ရှန်ဟိုင်းသိပ္ပံ၏ အသုံးချ ရူပဗေဒဌာန (SINAP) ၏ အဆိုပါ ဓာတ်ပေါင်းဖိုသည် အိမ်ထောင်စု ၁၀၀၀ ကို ဓာတ်အား ပေးရန် လုံလောက်သည့် ၂ မဂ္ဂါဝပ် လျှပ်စစ်ပမာဏကို ထုတ်လွှတ်ပေးနိုင်မည်ဖြစ်သည်။

စမ်းသပ်မှုများ အောင်မြင်ပါက တရုတ်နိုင်ငံအနေဖြင့် အိမ်ထောင်စု သိန်းနှင့်ချီ၍ လျှပ်စစ်ဓာတ်အား ပေးနိုင်ရန် မဂ္ဂါဝပ် ၃၇၃ အထိ ထုတ်လွှတ်နိုင်မည့် ဓာတ်ပေါင်းဖိုတစ်လုံးကို တည်ဆောက်နိုင်ရန် မျှော်လင့်ထားသည်။

ယခုဓာတ်ပေါင်းဖို တည်ဆောက်ခြင်းကို ယခုလအတွင်း ပြီးစီးကာ လကုန်ပိုင်းတွင် စမ်းသပ်လည်ပတ်နိုင်မည်ဟု ဂန်စူးပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

သော်ရီယမ်သည် ရေဒီယိုသတ္တိကြွဓာတ်နည်းသည့် ငွေရောင် သတ္တုတစ်မျိုးဖြစ်ပြီး ကျောက်များအကြားတွင် သဘာဝအတိုင်း တည်ရှိနေသည်။ ၎င်းကို စက်မှုလုပ်ငန်းများတွင် အသုံးနည်းပြီး တရုတ်နိုင်ငံ၏ ရှားပါးမြေသတ္တု တူးဖော်ရာတွင် ဘေးထွက်ပစ္စည်းအဖြစ် ပါဝင်သောကြောင့် ပြည်ပမှ တင်သွင်းရသည့် ယူရေနီယမ်သတ္တုအစား အသုံးပြုနိုင်မည်ဖြစ်သည်။

“သော်ရီယမ်က ယူရေနီယမ်ထက် ပိုမိုပေါများပါတယ်။ ဒါကြောင့် ဒီသတ္တုဟာ နောင်နှစ် ၅၀၊ ၁၀၀ ရောက်တဲ့အခါ ယူရနီယမ်သတ္တုတွေ ကုန်ခမ်းသွားမယ်ဆိုရင် အသုံးဝင်မယ့် နည်းပညာတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ဆစ်ဒနီမြို့ရှိ ဩစတြေးလျ နျူကလီးယား သိပ္ပံနှင့် နည်းပညာအဖွဲ့မှ နျူကလီးယား ပညာရှင် လင်ဒန်အက်ဒ်ဝက်စ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly