လက်နက်စမ်းသပ်ရန် ‘အခွင့်အရေး’ ရှိတယ်လို့ ကုလသမဂ္ဂညီလာခံမှာ မြောက်ကိုရီးယား ပြော 

လက်နက်စမ်းသပ်ရန် ‘အခွင့်အရေး’ ရှိတယ်လို့ ကုလသမဂ္ဂညီလာခံမှာ မြောက်ကိုရီးယား ပြော 
Photo - AFP

စက်တင်ဘာ ၂၈

နျူကလီးယားလက်နက်နိုင်ငံ မြောက်ကိုရီးယားအနေနဲ့ လက်နက်တွေ စမ်းသပ်ရန် အခွင့်အရေး ရှိတာကို ‘ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူး’ ဆိုပြီး တနင်္လာနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြောက်ကိုရီးယားသံအမတ်ကြီးက ပြောလိုက်ပါတယ်။ 

အရှေ့ပင်လယ်ထဲဆီ မြောက်ကိုရီးယားဟာ ‘အမျိုးအမည်မသိ ကျည်ဖူး’ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပြီး အချိန်ပိုင်းမှာပဲ နယူးယောက်က ကုလသမဂ္ဂရုံးချုပ်မှာ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး ကင်ဆောင်းက မှတ်ချက်ပြု ပြောကြားလာခဲ့တာပါ။ 

“အခြားသူတွေ ပိုင်ဆိုင်ထားတဲ့၊ တီထွင်ထုတ်လုပ်နေတဲ့ လက်နက်စနစ်တွေနဲ့ ညီမျှတဲ့ အင်အားကို မြောက်ကိုရီးယားက တီထွင်တာ၊ စမ်းသပ်တာနဲ့ ထုတ်လုပ်တာတွေအတွက် ကိုယ်ကိုကို ကာကွယ်ပိုင်ခွင့် ဖြစ်တယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး”ဆိုပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကို ရည်ညွှန်းပြီး ကင်ဆောင်းက ဆိုပါတယ်။ 

“ကျွန်တော်တို့ဟာ ကိုယ့်မြေကိုယ့်ရေကို ကာကွယ်ရေး၊ စိတ်ချရတဲ့ ဘေးကင်းလုံခြုံမှု ရှိရေးနဲ့ နိုင်ငံငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ နိုင်ငံတော် ကာကွယ်ရေးကို တည်ဆောက်နေတာပဲ ဖြစ်တယ်”လို့ သူက ဆိုပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဟာ တားမြစ်ခံရတဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းတွေကြောင့် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု အမျိုးမျိုးအောက် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

ဒီလထဲမှာပဲ ဒုံးကျည်စမ်းသပ်မှုအချို့ကို မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့ပြီး တစ်ခုက တာဝေးပစ် ခရုစ်ဒုံးကျည်နဲ့ နောက်တစ်ခုက တာတိုပစ် ပဲ့ထိန်းဒုံးကျည်တို့ အပါအဝင် လက်နက်စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ 

တောင်ကိုရီးယားအနေနဲ့လည်း မကြာသေးခင်ကမှ ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်ရတဲ့ ပဲ့ထိန်းဒုံးကျည် SLBM ကို ပထမဆုံး စမ်းသပ်ပစ်လွှတ်အောင်မြင်ခဲ့တာကြောင့် ဒီ လက်နက်နည်းပညာ ပိုင်ဆိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲ အပါအဝင် ဖြစ်လာခဲ့ပါတယ်။ 

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ မြောက်ကိုရီးယားဆီ ရည်ရွယ်တဲ့ ‘မဟာဗျူဟာလက်နက် အမျိုးအစားအားလုံး ဖန်တီးမှု’ တွေကို ‘ရာသက်ပန်’ ရပ်ပစ်သင့်တယ်လို့ ကင်ဆောင်းက ဖြည့်စွက်ပြောဆိုပါဝယ်။ 

မြောက်ကိုရီးယားမှာ လက်ညိုးထောင်ခေါင်းညိတ်လွှတ်တော်ဖြစ်တဲ့ အထူးပြည်သူ့ညီလာခံ အစည်းအဝေး စတင်ဖို့ ရှိချိန် အင်္ဂါနေ့ အစောပိုင်းမှာ ‘အမျိုးအမည်မသိ ကျည်ဖူး’ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တယ်လို့ ပြောထားပြီး အချိန်ပိုင်းမှာပဲ ကင်ဆောင်းက ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly