လှည်းကူးတွင် စစ်ဆေးမခံဘဲ မောင်းပြေးသည့် ဆိုင်ကယ်ပေါ်မှ လူသုံးဦးကို စစ်ကောင်စီက သေနတ်ဖြင့် လိုက်လံပစ်ခတ်

By မဇ္ဈိမ
27 September 2021
လှည်းကူးတွင် စစ်ဆေးမခံဘဲ မောင်းပြေးသည့် ဆိုင်ကယ်ပေါ်မှ လူသုံးဦးကို စစ်ကောင်စီက သေနတ်ဖြင့် လိုက်လံပစ်ခတ်

စက်တင်ဘာ ၂၇

လှည်းကူးတွင် စစ်ကောင်စီ၏ စစ်ဆေးမှုကို မခံဘဲ မောင်းပြေးသည့် ဆိုင်ကယ်တစ်စီးပေါ်မှ လူသုံးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ တစ်ဦးခြေထောက် ကျည်ဆန်ထိမှန်ခဲ့ပြီး အနီးတွင် သွားလာနေသည့် အနှေးယာဉ်လုပ်သားတစ်ဦးလည်း ခြေထောက်ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဆိုင်ကယ်စီးနင်းသူ သုံးဦးအနက် နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးရမိခဲ့ပြီး သေနတ်ဒဏ်ရာ ရရှိထားသူမှာ လွတ်မြောက်သွားကြောင်း သိရသည်။

လွတ်မြောက်နေသူအား စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်က ရပ်ကွက်များသို့ ဝင်ရောက်ကာ အိမ်များထဲအထိ လိုက်လံရှာဖွေနေကြောင်း မြို့ခံများက ပြောသည်။

"အိမ်ကိုဝင်စစ်သွားတာ၊ ဆိုင်ကယ်ဖြတ်သွားတာမြင်လားတဲ့ ပြီးတော့ခြံထဲတွေလိုက်ကြည့်တယ်။ သေနတ်လည်းပစ်တယ်။ မိုးပေါ်ကို ထောင်ပစ်တာ၊ သူတို့က ဓားတွေရော သေနတ်တွေရော ဆယ်ယောက်လောက်ရှိမယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက သေနတ်ကျည်ထိမှန်သော အနှေးယာဉ်လုပ်သား၏ ဒဏ်ရာအား ဆေးထည့်ကူညီပေးသူများအနက် အနည်းဆုံး လေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

"ဆိုင်ကယ်ကမရပ်ပေးလို့ထင်တယ်။ လိုက်ပစ်ကြတာ၊ လမ်းမှာသွားနေတဲ့ ဆိုက်ကားဆရာခြေထောက်ကိုထိတယ်။ ဆိုင်ကားဆရာကို ရိပ်သာ (၅)လမ်းထိပ်မှာ ဆေးထည့်ပေးနေကြတဲ့လူအချို့နဲ့ ဝိုင်းကြည့်နေတဲ့ လူအချို့ကို လူစုခွဲခိုင်းပြီး ကူညီပေးတဲ့သူ အနည်းဆုံး လေးဦးကို ဖမ်းခေါ်သွားတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ဆိုင်ကယ်သမား နှစ်ဦးအပါအဝင် ကူညီပေးသူများ စုစုပေါင်း အနည်းဆုံး ခြောက်ဦးကို စစ်ကောင်စီက လက်ရှိတွင်ဖမ်းဆီးထားသည်။

လှည်းကူးမြို့တွင် ယ‌နေ့ စက်တင်ဘာ ၂၇ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်က ဒလန်ဟုအမည်ထွက်သူ အနှေးယာဉ်လုပ်သား ကိုမြင့်စိုးအား အမည်မသိအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က မြို့တွင် စစ်ဆေးရေးတင်းကျပ်နေခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်စဉ်အပြီး ယနေ့ နေ့လည် ၁နာရီကျော်က လှည်းကူးတံတားအဆင်း သစ်တောရုံးရှေ့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်များအား စစ်ဆေးခဲ့ပြီး လိုင်စင်မပါသောဆိုင်ကယ်များကို သိမ်းယူမှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly