ယီမင်မှာ အစိုးရတပ်နဲ့ ဟူသီသူပုန်တွေ တိုက်ပွဲပြင်းထန်ပြီး လူ ၅၀ ကျော် သေဆုံး 

ယီမင်မှာ အစိုးရတပ်နဲ့ ဟူသီသူပုန်တွေ တိုက်ပွဲပြင်းထန်ပြီး လူ ၅၀ ကျော် သေဆုံး 
Photo - AFP

စက်တင်ဘာ ၂၇

ယီမင်နိုင်ငံမှာ ခုနစ်နှစ်တာ ပဋိပက္ခရဲ့ အဓိက တိုက်ပွဲမြေပြင် မာရစ်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်တာကြောင့် ဟူသီသူပုန်နဲ့ ယီမင်အစိုးရ ထောက်ခံတဲ့ တပ်ဖွဲ့ဝင်တွေ ၅၀ အနည်းဆုံး ကျဆုံးတယ်လို့ စစ်သတင်းရင်းမြစ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ 

မြောက်ပိုင်း အစိုးရ နောက်ဆုံး ထိန်းချုပ်ထားရာ ရေနံကြွယ်ဝတဲ့ မာရစ်မြို့ကို အီရန်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေဟာ အားသစ်လောင်း တိုက်ခိုက်လာပြီးတဲ့နောက်မှာ အခု တစ်လအတွင်းမှာပဲ တိုက်ခိုက်ရေးသမား ရာပေါင်းများစွာ သေဆုံးပါတယ်။ 

ဟူသီသူပုန်တွေရဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် မာရစ်အုပ်ချုပ်ရေးမှူး ဗိုလ်မှူးချုပ် ဆူလတန်အယ်အရာဒက်ရှ်ရဲ့ နေအိမ်နဲ့ အနီးနားက အဆောက်အအုံတွေ ပြိုကျပျက်စီးတာကိုလည်း မြင်တွေ့ရပါတယ်။ 

“ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း ဟူသီတိုက်ခိုက်ရေးသမား ၄၃ ဦးကို သုတ်သင်လိုက်နိုင်တယ်၊ အဓိကကတော့ မာရစ်မြို့အနောက်ပိုင်းမှာ ညွန့်ပေါင်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့ အများစု ရှင်းလင်းခဲ့တာပဲ ဖြစ်တယ်”လို့ စစ်သတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီကို ပြောပြီး နောက်ထပ်ရင်းမြစ်တစ်ရပ်ကလည်း အစိုးရထောက်ခံတဲ့ တပ်ဖွဲ့ဝင် ခုနစ်ဦး တိုက်ပွဲအတွင်း သေဆုံးကြောင်း ပြောပါတယ်။ ဟူသီသူပုန်တွေအနေနဲ့တော့ အသေအဆုံးစာရင်းကို ထုတ်ပြန်ခဲပါတယ်။ 

စက်တင်ဘာလအတွင်းက မြောက်ပိုင်း မာရစ်မြို့မှာ ထိပ်တိုက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာလည်း လူ ၄၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ဟူသီတွေဟာ မဟာဗျူဟာအချက်အခြာမြို့ဖြစ်ပြီး ဒေသရဲ့ ရေနံရင်းမြစ်ဖြစ်တဲ့ မာရစ်မြို့ကို ထိန်းချုပ်နိုင်ရေး မျှော်လင့်ချက်နဲ့ ဖေဖော်ဝါရီလမှာ ကနဦး တိုက်ပွဲတွေ အရှိန်မြှင့်ဖော်ဆောင်လာခဲ့တာပဲ ဖြစ်ပါတယ်။ 

သူပုန်အုပ်စု သိမ်းပိုက်ထားရာ ဆာနားမြို့တော်ကနေ အရှေ့ဖက် ၇၅ မိုင်အကွာမှာ ရှိတဲ့ မာရစ်မြို့ဟာ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသကြား ဖြတ်သန်းနယ်မြေအဖြစ် တည်ရှိပြီး ယီမင်မြောက်ပိုင်းကို ထိန်းချုပ်ရေးမှာ အရေးပါတဲ့ မြို့ပဲ ဖြစ်ပါတယ်။ 

ယီမင်အစိုးရကို ကျောထောက်နောက်ခံပြုပေးထားတဲ့ ဆော်ဒီဦးဆောင်တဲ့  ညွန့်ပေါင်းတပ်တွေနဲ့ ဟူသီသူပုန်ကြားက စစ်ပွဲမှာ သေဆုံးသူ ထောင်ပေါင်းများစွာ ရှိနေပြီး နေအိမ်စွန့်ထွက်ပြေးရသူပေါင်း သန်းပေါင်းများစွာ ရှိနေပါတယ်။ 

ယီမင်လူဦးရေ သန်း ၃၀ ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ အကူအညီတွေပေါ်မှာ မှီခိုနေကြရတာဖြစ်ပြီး ကုလသမဂ္ဂကတော့ ကမ္ဘာ့ အဆိုးဝါးဆုံး လူသားချင်းစာနာထောက်ထားရေး ကပ်ဘေးအဖြစ် ပြောဆိုပါတယ်။ 

ယီမင်ရဲ့ ပဋိပက္ခတွေဟာ ၂၀၁၄ မှာ ဟူသီတွေက မြို့တော် ဆာနားကို သိမ်းပိုက်ခဲ့ချိန်မှာ စတင်ဖြစ်ပွားပေါ်ပေါက်တာဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ယီမင်အစိုးရကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအုပ်စုက ဒီနောက်ပိုင်းမှာ ကြားဝင်တိုက်ခိုက်ပေးနေတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly