အိမ်ခြံမြေကုမ္ပဏီကြီး Evergrande ၏ ပြိုလဲပါက ထိခိုက်မှုအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန် တရုတ်အစိုးရက ဒေသခံအစိုးရများအား သတိပေး

အိမ်ခြံမြေကုမ္ပဏီကြီး Evergrande ၏ ပြိုလဲပါက ထိခိုက်မှုအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန် တရုတ်အစိုးရက ဒေသခံအစိုးရများအား သတိပေး

အိမ်ခြံမြေကုမ္ပဏီကြီး Evergrande၏ အကြွေးပေးရန် ပျက်ကွက်မှုကြောင့် ပြိုလဲပါက ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် တရုတ်အစိုးရက ဒေသခံအစိုးရများအား သတိပေးထားသည်။

တရုတ်ပြည်၏ ဒုတိယအကြီးဆုံး အိမ်ခြံမြေလုပ်ငန်းဖြစ်သော Evergrandeသည် အကြွေးဒေါ်လာ ဘီလီယံ ၃၀ဝ ပေးရန် ရုန်းကန်နေရသဖြင့် ပြိုကျလုနီးနီးဖြစ်နေသည်။

တရုတ်အစိုးရက ကုမ္ပဏီအား အာမခံပေးပြီး ဝင်ကယ်တင်ရန် တုံ့ဆိုင်းနေခြင်းကြောင့် စီးပွားရေး ပညာရှင် အချို့က ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်လာမည်ကို စိုးရိမ်နေကြသည်။

တရုတ်အာဏာပိုင်များက Evergrande၏ ရှုံးနိမ့်မှုအတွက် ပြင်ဆင်ရန် ဒေသခံအစိုးရများအား ပြောဆို နေသည်ဟု ဆွေးနွေးမှုများနှင့် နီးစပ်သော အရာရှိများက Wall Street Journal သို့ ပြောကြားခဲ့သည်။

တာဝန်ရှိသူများက အဆိုပါ လုပ်ဆောင်ချက်များကို“ဖြစ်လာနိုင်သည့် မုန်တိုင်းအတွက် အဆင်သင့် ပြင်ဆင်ထားခြင်း” ဟု ဖော်ပြခဲ့သည်။

Evergrandeက ယင်း၏ တာဝန်ဝတ္တရားများကို မကိုင်တွယ်နိုင်ပါက နောက်ဆုံးမိနစ်တွင်မှ ဝင်ရောက် ကယ်တင်ရန် တရုတ်အစိုးရပိုင်လုပ်ငန်းများနှင့် ဒေသန္တရအစိုးရများအား ညွှန်ကြားထားသည်။

တရုတ်၏ စုစုပေါင်းအိမ်ခြံမြေကဏ္ဍ၏ အကြွေး ၆ ဒသမ ၅ ရာခိုင်နှုန်း တင်ရှိနေသည့် Evergrandeက ရင်းနှီးမြှုပ်နှံသူများအား အရင်းအနှီးများ မြန်မြန်မရရှိပါက ပေးရမည့် တာဝန်များကို ပျက်ကွက်မည်ဖြစ်ကြောင်း အကြောင်းကြားပြီး ရက်ပိုင်းအကြာတွင် ယင်းသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

Evergrandeသည် စက်တင်ဘာ ၂၇ရက်တွင် ချေးငွေအချို့အတွက် အတိုးပြန်ဆပ်ရမည်ဖြစ်သည်။ တရုတ်အရာရှိများက ၎င်းတို့အား အဓိကဘဏ်များက ငွေထုတ်မချေးသင့်ကြောင်း ပြောကြားထားသည်။

ကုမ္ပဏီကြီးဖြစ်ခြင်းကြောင့် Evergrande၏ ကျရှုံးမှုသည် စီးပွားရေးတစ်ခုလုံးကို ထိခိုက်စေနိုင်သည်။ Evergrandeသည် တရုတ်ဘဏ် ၁၇၀ ကျော်နှင့် အခြားငွေကြေးဝန်ဆောင်မှုလုပ်ငန်း ၁၂၁ ခုတွင် အကြွေးတင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly