အာဖဂန်အတွက် ပံ့ပိုးငွေများကို IMF က ထုတ်မပေးသေး

By Just Earth News
27 September 2021
အာဖဂန်အတွက် ပံ့ပိုးငွေများကို IMF က ထုတ်မပေးသေး

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အဖွဲ့ဝင်နိုင်ငံများအတွက် အထူးခံစားခွင့် ငွေ (SDR) အမေရိကန်ဒေါ်လာ ဘီလျံ ၆၅၀ ကို မကြာသေးမီက ကြေညာလိုက်သော်လည်း တာလီဘန်တို့ ထိန်းချုပ်ထားသည့် အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် ပံ့ပိုးငွေ ရရှိဦးမည်မဟုတ်ကြောင်း မီဒီယာသတင်းများတွင် ဖော်ပြထားသည်။

ဩဂုတ် ၂၃ ရက်တွင် အတည်ပြုခဲ့သည့် SDR ခွဲဝေပေးရေး အစီအစဉ်သည် IMF အဖွဲ့ဝင်နိုင်ငံအားလုံး ခံစားခွင့် ရရှိစေမည်ဖြစ်ပြီး အရန်ငွေကြေး ရေရှည် လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မည်ဖြစ်သလို ကမ္ဘာ့စီးပွားရေး ကြံ့ခိုင်မှုရှိစေရေးနှင့် တည်ငြိမ်ရေးတို့အတွက် အားကောင်းစေနိုင်မည်ဖြစ်ကြောင်း Tolo News သတင်းတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် IMF ပြောခွင့်ရ အရာရှိ ဂါရီရိုက်စ်က အာဖဂန်နစ္စတန်တွင် သေချာသည့် အစိုးရတစ်ရပ် မရှိသေးသဖြင့် ထောက်ပံ့ငွေကို ရရှိဦးမည် မဟုတ်ကြောင်းပြောကြားခဲ့သည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းက အာဖဂန်နစ္စတန်ရဲ့ အစိုးရတစ်ရပ်ကို အတည်ပြုပြီးသည်အထိ အာဖဂန်နစ္စတန်နဲ့ ဆောင်ရွက်မှုကို ဆိုင်းငံ့သွားမှာပါ” ဟု ရိုက်စ်က ပြောကြားခဲ့သည်။

“အာဖဂန်နစ္စတန်မှာ အစိုးရတစ်ရပ်ကို အသိအမှတ်ပြုနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဦးဆောင်မှုကို မိမိတို့ ရယူပါတယ်။ မိမိတို့ချည်းပဲ လုပ်ကိုင်ခွင့် မရှိပါဘူး” ဟု လည်း ရိုက်စ်က ပြောကြားသည်။

“ဒါကြောင့် IMF ရဲ့ အစီအစဉ်ကို ရပ်ဆိုင်းထားပါတယ်။ ပြီးခဲ့တဲ့ လက ပြောခဲ့သလို အာဖဂန်အနေနဲ့ IMF ရဲ့ ရင်းမြစ်တွေ၊ အထူးခံစားခွင့် ငွေတွေနဲ့ အခြားအရာတွေကို ဒီအချိန်မှာ မရနိုင်ပါဘူး။ ဆိုးရွားတဲ့ လူ့အခွင့်အရေး ပြဿနာတွေအတွက် အမြန်ဆုံး ကူညီပေးဖို့ကတော့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အသင့်ရှိနေတယ်ဆိုတာ ပြောလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly