အီးယူ၏ ကုန်သွယ်မှု အထူးအခွင့်အရေးအစီအစဉ် ဆက်လက်ရရှိရန် ပါကစ္စတန်က လူ့အခွင့်အရေး စည်းမျဉ်းများကို လိုက်နာရမည်

အီးယူ၏ ကုန်သွယ်မှု အထူးအခွင့်အရေးအစီအစဉ် ဆက်လက်ရရှိရန် ပါကစ္စတန်က လူ့အခွင့်အရေး စည်းမျဉ်းများကို လိုက်နာရမည်

ဥရောပကော်မရှင်က ၂၀၂၄-၂၀၃၄ ခုနှစ်ကာလအတွက် အီးယူ၏ ကုန်သွယ်မှု အထူးအခွင့်အရေးအစီအစဉ်(GSP) ကို ပြဌာန်းလိုက်သည်။

အဆိုပါ အစီအစဉ်သည် ဝင်ငွေနည်းနိုင်ငံများတွင် ရေရှည်ဖွံ့ဖြိုးမှု ရရှိစေရန် သွင်းကုန်ပစ္စည်းများအတွက် ကုန်သွယ်ခွန်များကို ဖယ်ရှားခြင်း သို့မဟုတ် လျှော့ချခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်မှ စတင်ခဲ့သည့် GSP+ အစီအစဉ်ကြောင့် ပါကစ္စတန်သည် အခွင့်အရေးများစွာ ရရှိထားရာတွင် ပစ္စည်း ရာပေါင်းများစွာအတွက် ကုန်သွယ်ခွန်ပေးဆောင်ရခြင်းမရှိပေ။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ ဆက်လက်ခံစားခွင့်အတွက် ထပ်မံလျှောက်ထားရမည်ဖြစ်သည်။

ဥရောပ ပါလီမန်နှင့် ကောင်စီတို့က လျှောက်ထားမှုအသစ်များကို ဆွေးနွေးမည်ဖြစ်ကာ ၎င်းတို့ အတည်ပြုပြီးပါက GSP စနစ်သစ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံးသွားမည်ဖြစ်သည်။

အီးယူ၏ GSP အစီအစဉ်သည် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒအတွက် လုပ်ဆောင်ထားခြင်းဖြစ်ပြီး ၁၉၇၁ ခုနှစ်မှစတင်ခဲ့သည်။ GSP နှင့်ပတ်သက်၍ ပြဌာန်းချက်အသစ်၏ အသေးစိတ်ကို ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်မြို့တော်ရှိ ဥရောပ ကော်မရှင်က စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

လက်ရှိ GSP+ စနစ်အရ ပါကစ္စတန်ကဲ့သို့ အကျိုးခံစားခွင့် ရယူထားသည့် နိုင်ငံများအနေဖြင့် နိုင်ငံတကာ သဘောတူစာချုပ် ၂၇ ခုကို အကောင်အထည်ဖော်ခြင်းကို ဥရောပကော်မရှင်က အဆက်မပြတ် စောင့်ကြည့်မည် ဖြစ်သည်။

စောင့်ကြည့်မှုဆိုင်ရာ နောက်ဆုံးအစီရင်ခံစာများတွင် တိုးတက်မှုအခြေအနေအချို့ကို ဖော်ပြထားသော်လည်း ကလေးအလုပ်သမားခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မီဒီယာလွတ်လပ်ခွင့်၊ တရားမျှတခွင့် ရရှိရေးနှင့် အခြားအကြောင်းအရာအချို့တွင် စိုးရိမ်စရာများ ရှိနေကြောင်း ဖော်ပြထားသည်။

ပါကစ္စတန်၏ လက်ရှိ GSP+ အစီအစဉ်တွင် ပါကစ္စတန်၏ အခြေအနေနှင့် အစီအစဉ်သစ် ရရှိနိုင်ခြေနှင့် ပတ်သက်၍ ပါကစ္စတန်နို်ငငံဆိုင်ရာ အီးယူသံအမတ်ကြီး အင်ဒရိုလာကာမင်နရာက ပါကစ္စတန်အနေဖြင့် ၂၀၁၄ ခုနှစ်တွင် GSP+ အစီအစဉ်ကို ခံစားခွင့်ရရှိပြီးနောက် ဥရောပဈေးကွက် အခွင့်အလမ်းများစွာကို ရရှိကာ စီးပွားရေး အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့ကြောင်း ပြောကြားသည်။

ပါကစ္စတန်၏ ပို့ကုန်များ ၆၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အီးယူသည် ပါကစ္စတန်မှ ကုန်ပစ္စည်းများအတွက် အရေးကြီးဆုံးသော ဈေးကွက်ဖြစ်ခဲ့ကြောင်း သူမက ဆက်လက်ပြောကြားသည်။

“၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ GSP+ ကုန်သွယ်မှု အထူးအခွင့်အရေးအစီအစဉ်ကို ဆက်ရရှိဖို့ ပါကစ္စတန်အနေနဲ့ ရေးထိုးထားတဲ့ နိုင်ငံတကာစာချုပ်တွေကို အမှန်တကယ်အကောင်အထည်ဖော်ဖို့ ၂ ဆ ပိုမို အားထုတ်လုပ်ကိုင် သွားဖို့ လိုအပ်ပါမယ်” ဟု အီးယူသံအမတ်ကြီးက ပြောကြားသည်။

GSP+ စနစ်သစ်နှင့် ကိုက်ညီစေရန် ပါကစ္စတန်အပါအဝင် ခံစားခွင့် လျှောက်ထားမည့် နိုင်ငံများအနေဖြင့် အီးယူပါလီမန်အမတ်များနှင့် အဖွဲ့ဝင်နိုင်ငံများ လက်ခံနိုင်စေလောက်သည့် တိုးတက်မှုမျိုး ရရှိရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

GSP+ စနစ်သစ် အခွင့်အလမ်းများကို ရရှိစေရန် ဝင်ငွေနည်းသော၊ ဝင်ငွေအလယ်အလတ်အောက်တွင်ရှိသော ထိခိုက်လွယ်သည့် နိုင်ငံများအနေဖြင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ကာကွယ်စောင့်ရှောက်ရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်များနှင့် သက်ဆိုင်သည့် နိုင်ငံတကာ သဘောတူစာချုပ် ၂၇ခုကို အကောင်အထည်ဖော်ရန် လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly