လျှပ်စစ်လိုအပ်မှုနှင့် သဘာဝပတ်ဝန်းကျင် စည်းမျဥ်းများ အာဏာတည်စေရေး လုပ်ဆောင်နေစဥ် တရုတ်၌ ဓာတ်အားပြတ်တောက်မှုများ တိုးမြင့်ဖြစ်ပေါ်

လျှပ်စစ်လိုအပ်မှုနှင့် သဘာဝပတ်ဝန်းကျင် စည်းမျဥ်းများ အာဏာတည်စေရေး လုပ်ဆောင်နေစဥ် တရုတ်၌ ဓာတ်အားပြတ်တောက်မှုများ တိုးမြင့်ဖြစ်ပေါ်

လျှပ်စစ်ဖြန့်ဖြူးပေးဝေမှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဥ်းများ အာဏာတည်စေရေး တွန်းအားပေးလုပ်ဆောင်မှုတို့ ရှိနေစဥ် တရုတ်နိုင်ငံ၌ လျှပ်စစ်ဓာတ်အားဆိုင်ရာ ခွဲတမ်းချကန့်သတ်ခြင်းနှင့် စက်ရုံကုန်ထုတ်လုပ်မှုပိုင်း အတင်းအကျပ် လျှော့ချခိုင်းခြင်းတို့က ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက် ရှိသည်။

ဓာတ်အားဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများက ကျန်းစု၊ ကျဲ့ကျန်း၊ ကွမ်တုံ တို့ကဲ့သို့ စီးပွားရေးဆိုင်ရာ ကုန်ထုတ်လုပ်ရေးအချက်အချာ နေရာများအပါအဝင် ပြည်နယ် ၁၀ ခုကျော်အထိ

ပြန့်နှံ့ဖြစ်ပေါ်ထားကြောင်း 21st Century Business Herald က စက်တင်ဘာ ၂၄ ရက်တွင် ဖော်ပြသည်။ ကုမ္ပဏီတစ်ချို့သည်လည်း ပြည်မကြီး စတော့အိတ်စ်ချိန်းများဆိုင်ရာ ထုတ်ဖော်တင်ပြမှုတွင် ဓာတ်အားပြတ်တောက်မှုများ၏ သက်ရောက်မှုများကို ဖော်ပြထားခဲ့သည်။

ပြည်နယ်ဒေသ အစိုးရများသည် စွမ်းအင်သုံးစွဲမှု များပြားသည့် ရင်းမြစ်နှင့် ကာဘွန်ထုတ်လွှတ်မှု များပြားသည့် ရင်းမြစ်တို့ကို လျှော့ချရေး သတ်မှတ်လျာထားချက်များကို လွဲချော်မည့် အရေးကနေ ရှောင်ရှားနိုင်ရန် ကြိုးပမ်းနေခြင်းနှင့်အတူ ဓာတ်အားဖြတ်တောက်မှုများ လုပ်‌ဆောင်ရန် ညွှန်ကြားလျက် ရှိသည်။

ကပ်ရောဂါကနေ အားကောင်းသည့် စီးပွားရေး ပြန်လည် နာလန်ထူမှုတစ်ရပ်အတွင်း နှစ်တစ်နှစ်၏ ပထမနှစ်ဝက်အတွင်း စွမ်းအင်သုံးစွဲမှု မြင့်တက်ပြီး လိုက်နာရမည့် သတ်မှတ်လျာထားချက်များ လွဲချော်မှုအတွက် နိုင်ငံ၏ အဆင့်မြင့်စီးပွားရေးစီမံကိန်းရေးဆွဲမှုအဖွဲ့က ပြည်နယ် ကိုးခုအပေါ် ပြီးခဲ့သည့်လက သတိပေးချက် ထုတ်ထားခဲ့သည်။

တချိန်တည်းမှာပင် ကျောက်မီးသွေး စျေးနှုန်းများ စံချိန်တင် မြင့်တက်မှုကြောင့် ဓာတ်အားပေးစက်ရုံ အများအပြားအတွက် လည်ပတ်ရန် တွက်ချေမကိုက်သည့် အခြေအနေကို ဖြစ်စေလျက် ရှိရာ ပြည်နယ်တစ်ချို့တွင် ဓာတ်အားထောက်ပံ့မှု လိုအပ်ချက်များကို ဖြစ်စေလျက် ရှိကြောင်း Business Herald က ဖော်ပြသည်။ အကယ်၍ အဆိုပါ လိုအပ်ချက်များ တိုးမြင့်ဖြစ်ပေါ်လာပါက ယင်း၏ သက်ရောက်မှုက နွေရာသီကာလအတွင်း နိုင်ငံဧရိယာများကို ထိခိုက်စေခဲ့သည့် ဓာတ်အားပြတ်တောက်မှုများထက် ပိုမို ဆိုးနိုင်သည်ဟု သိရသည်။

ကျဲ့ကျန်းပြည်နယ်တွင် အထည်အလိပ်၊ ဆေးဆိုးပန်းရိုက်၊ ဓာတုချည်မျှင် လုပ်ငန်းအတွင်းရှိ စွမ်းအင်သုံးစွဲမှု များပြားသည့် ကုမ္ပဏီ ၁၆၀ ခန့်သည် စွမ်းအင်သုံးစွဲမှု လျာထားချက်များအတိုင်း ပြည့်မီစေရေးအတွက် ထုတ်လုပ်မှုကို ရပ်ထားရန် ညွှန်ကြားခံခဲ့ရသည်ဟု Caixin က ဖော်ပြသည်။ ကုမ္ပဏီများအနက် ၈၀ ရာခိုင်နှုန်းခန့်သည် မာအန်းတွင် ရှိပြီး ယင်းတွင် ထုတ်လုပ်မှု ရပ်ဆိုင်းရေး ညွှန်ကြားချက်တစ်ခုကို စက်တင်ဘာ ၂၁ မှ ၃၀ အကြား ထုတ်ထားခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးကို ကိုးကားပြီး ယင်းသတင်းတွင် ဖော်ပြထားသည်။

ယူနန်ပြည်နယ်တွင်လည်း ဓာတ်အားကုန်ကျစရိတ်များကို လုပ်ငန်းတွင်း ပျမ်းမျှပမာဏထက် ၁၆ ရာခိုင်နှုန်းကနေ ၂၂ ရာခိုင်နှုန်းအထိ ပိုမို သက်သာစေခဲ့သည့် အလူမီနီယံ သတ္တုအရည်ကျိုလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားခ လျှော့ချပေးမှုများကို ဖျက်သိမ်းလျက် ရှိသည်ဟု Caixin ၏ သီးခြား သတင်းတစ်ခုတွင် ဖော်ပြသည်။ ပြည်နယ်တွင် စွမ်းအင် သုံးစွဲမှုဆိုင်ရာ ထိန်းချုပ်မှုများကြောင့် ကုမ္ပဏီ၏ ယခုနှစ် လက်ကျန်ကာလအတွင်း ထုတ်လုပ်မှုသည် သိသိသာသာ လျော့ကျလိမ့်မည်ဟု Yunnan Aluminum ကုမ္ပဏီက ပြီးခဲ့သည့်အပတ်က ပြောခဲ့သည်။

ဓာတ်အားထိန်းချုပ်ကန့်သတ်မှုများ ကျယ်ပြန့်လာနေခြင်းက စိုက်ပျိုးရေးလုပ်ငန်းအပေါ်တွင်လည်း သက်ရောက်စေလျက် ရှိပြီး တိရစ္ဆာန်အစာအတွက် အသုံးပြုသည့် အစာ၊ salad dressing (ဆီနှင့် ရှာလကာရည် ရောထားသည့် အသုပ်သုပ်ရန် စားမြိန်ရည်) နှင့် မာဂျရင်းတို့တွင် သုံးသည့် ဆီများအဖြစ် ပဲပုပ်ကို ကြိတ်ညှစ်သည့် ကျန်းစုနှင့် တီအန်ကျင်းမြို့တို့ရှိ စက်ရုံတစ်ချို့လည်း ပိတ်ထားခဲ့ရကြောင်း AgriCensus က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly