တရုတ်ကို ရင်ဆိုင်ရေး ရည်ရွယ်ပြီး Quad အုပ်စုခေါင်းဆောင်များ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံစည်းဝေး

တရုတ်ကို ရင်ဆိုင်ရေး ရည်ရွယ်ပြီး Quad အုပ်စုခေါင်းဆောင်များ ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံစည်းဝေး

ပြီးခဲ့သည့် လများအတွင်း တရုတ်အစိုးရက အပြင်းအထန် ပြစ်တင်ဝေဖန်ထားခဲ့သည့် စစ်ရေးမဟာမိတ်အဖွဲ့သစ်တစ်ခု ဖြစ်သည့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Quad) လေးနိုင်ငံ ခေါင်းဆောင်များသည် စက်တင်ဘာ ၂၄ ရက်က ဝါရှင်တန်တွင် ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ပေကျင်း၏ တုံ့ပြန်မှုများက Quad အုပ်စုကို အမေရိကန်၏ အခြားသော မဟာမိတ်များနှင့်အကြား ပိုမိုနီးကပ်သော စစ်ရေး ညှိနှိုင်းဆောင်ရွက်မှုသို့ ရောက်ရှိစေအောင် တွန်းပို့သလို ဖြစ်စေလျက်ဖြင့် ယင်း၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိခိုက်စေသလို ဖြစ်စေနိုင်ကြောင်း အကဲခတ်များက ပြောဆိုကြသည်။

အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့ ပါဝင်သည့် လေးနိုင်ငံအုပ်စုသည် ပြီးခဲ့သည့်လများအတွင်း အွန်လိုင်း တွေ့ဆုံမှုများ ရှိထားခဲ့ပြီးနောက် ယခုအခါ စက်တင်ဘာ ၂၄ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆုဂါ နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ တို့ကို အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံပြီး ဆွေးနွေးကြခြင်း ဖြစ်သည်။

Quad ခေါင်းဆောင်များအနေဖြင့် အဆိုပါ ထိပ်သီးအစည်းအဝေးကနေတဆင့် COVID-19 ကာကွယ်ဆေးများ ကမ္ဘာတဝန်း ဖြန့်ဖြူးရေးကို တိုးမြှင့်အားပေးရေး၊ supply chain (ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်) လုံခြုံရေး၊ 5G တယ်လီကွန်မြူနစ်‌ကေးရှင်း နည်းပညာ နှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံပိုင်းတွင် ပူးပေါင်းဆောင်ရွက်ရေး တို့ အပါအဝင် စစ်ဘက် မဟုတ်သည့် နယ်ပယ်ဧရိယာတစ်ချို့နှင့်ပတ်သက်ပြီး ကတိကဝတ်များကို ထုတ်ပြန်ကြေညာဖွယ် ရှိသည်။

စက်တင်ဘာ ၂၂ ရက်က ဆွေးနွေးပွဲတစ်ခုတွင် မဟာဗျူဟာဆိုင်ရာနှင့် နိုင်ငံတကာ လေ့လာမှုစင်တာ (CSIS) မှ အကဲခတ်တစ်ချို့ မှတ်ချက်ပြုသကဲ့သို့ပင် အဆိုပါ စီစဥ်လုပ်ဆောင်မှုများသည် လက်ရှိတွင် ဖြုံလောက်စရာ စိန်ခေါ်မှုတစ်ချို့နှင့် ရင်ဆိုင်နေရပြီး ယင်းတို့ထဲတွင် ကာကွယ်ဆေးများအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အများအပြားအပေါ် ပေကျင်း၏ ထိန်းချုပ်မှု၊ အထက်ပါ နိုင်ငံလေးနိုင်ငံတို့၏ ပုဂ္ဂလိက ကုမ္ပဏီများ တရုတ်တွင် ရှိနေသည့် နက်ရှိုင်းသော စီးပွားရေးအရ ချိတ်ဆက်ပတ်သက်မှုများတို့ ပါဝင်သည်။

သို့သော် အနည်းဆုံးအားဖြင့် မဝေးလှသည့် အနာဂတ်တစ်ခုတွင် Quad ခေါင်းဆောင်များအနေဖြင့် စစ်ရေး မျက်နှာစာပိုင်းတွင် ပိုမို အားကောင်းသည့် အင်အားတစ်ခုကို ရှာတွေ့ကောင်း ရှာတွေ့နိုင်သည်။ အကြောင်းမှာ တရုတ်သည် ယင်း၏ ပိုမို အင်အားပြလိုသော စစ်ရေးဆိုင်ရာ ရပ်တည်မှု ဟန်နေဟန်ထားကို လျှော့ချမည့် လက္ခဏာ ပြသနေခြင်း မရှိ၍ ဖြစ်သည်။ ယင်းသို့အားဖြင့် အင်ဒို-ပစိဖိတ် ဒေသတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်တပ် (PLA) က ယင်း၏ အင်အားကို ပိုမို ပြသလေ၊ Quad အဖွဲ့ဝင်များနှင့် မဟာမိတ်ပြုထားသည့် အခြားနိုင်ငံများက အဆိုပါ Quad အုပ်စုနှင့် ပူးပေါင်းရန် ပိုမိုလိုလားလာနိုင်လေလေ ဖြစ်မည် ဖြစ်သည်။

“တရုတ်ဟာ ဒေသတွင်းမှာ ကျွန်မတို့ရဲ့ မဟာမိတ်တွေနဲ့ ပါတနာ အများအပြားအပေါ် ပိုမို အင်အားပြလာပြီး ပိုမို စိန်ခေါ်လာနေသလို ဖြစ်လာနေပါတယ်” ဟု CSIS မှ တရုတ်ပါဝါပရောဂျက် ညွှန်ကြားရေးမှူး ဘွန်နီ လင်းက ပြောသည်။

ဥပမာအားဖြင့် သြစတြေးလျ၏ အမဲသား၊ ကျောက်မီးသွေးနှင့် မုယောစပါးတို့အပေါ် တရုတ်အစိုးရဘက်မှ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းက အခြားနိုင်ငံများထံမှ ဆန့်ကျင်မှုကို တန်ပြန်တုံ့ပြန်ရန် ပေကျင်းဘက်က တရားသေအယူဝါဒ မူဝါဒများကို မည်သို့မည်ပုံ အသုံးပြုနေသလဲ ဆိုသည်ကို ပြသနေပြီး ယင်းကဲ့သို့ တရုတ်၏ လုပ်ဆောင်ချက်များက ဆန့်ကျင်ဘက် သက်ရောက်မှုကို ဖြစ်စေဟန် ရှိကာ အခြားနိုင်ငံများကိုလည်း ဝါရှင်တန်နှင့် ပေါင်းစည်းသွားစေရေး တွန်းအားပေးသလို ဖြစ်စေဟန် ရှိသည်ဟု သူမက ပြောသည်။

အခြား ဥပမာတစ်ခုမှာ ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည့် Aukus ဟု သိကြသည့် သြစတြေးလျ-ဗြိတိန်-အမေရိကန်တို့ ပါဝင်သည့် စစ်ရေး မဟာမိတ်ပူးပေါင်းမှု သဘောတူညီချက်ဖြစ်ပြီး ယင်းက စစ်ရေးအင်အားကြီးနိုင်ငံအများစုကို အံ့အားသင့်စေခဲ့သည်။

“ဗြိတိန်အနေနဲ့ အောကက်စ်ကနေတဆင့် Quad နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ စိတ်ဝင်စားနေတယ်လို့ ထင်ပါတယ်” ဟု CSIS ရှိ အာရှ ဆိုင်ရာ အကြီးတန်း ဒုဥက္ကဋ္ဌ မိုက်ကယ် ဂရင်းက စက်တင်ဘာ ၂၂ ရက်က ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောခဲ့သည်။

“ကနေဒါ၊ နောက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်တာက နယ်သာလန်၊ နောက်ပြီး နယူးဇီလန် ၊ ဒီနိုင်ငံတွေဟာလည်း Quad နဲ့အတူ အုပ်စုတစ်စုအဖြစ် ပူးပေါင်းလုပ်ဆောင်သွားတာမျိုးကို တွေ့မြင်ရလိမ့်မယ်လို့ ထင်မိပါတယ်” ဟု ဂရင်းက ပြောသွားခဲ့သည်။

တရုတ်နှင့် အိန္ဒိယအကြား နယ်စပ်၌ နှစ်ဘက်အချင်းများမှု၊ အိန္ဒိယသမုဒ္ဒရာတွင် ဆိပ်ကမ်းများ တည်ဆောက်ရန် တရုတ်တို့ လုပ်ဆောင်မှုများကြောင့်လည်း နယူးဒေလီအနေဖြင့် တရုတ်ကို တန်ပြန်မည့် အားထုတ်မှုများတွင် ပိုမို တက်ကြွသည့် ပါဝင်လုပ်ဆောင်သူတစ်နိုင်ငံ ဖြစ်လာခဲ့သည်ကိုလည်း မြင်တွေ့ထားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly