ဂျာမနီရွေးကောက်ပွဲ ဆိုရှယ်ဒီမိုကရက်ပါတီက ဝန်ကြီးချုပ်မာကဲလ်ရဲ့ ပါတီအပေါ် ပွတ်ကာသီကာ အနိုင်ရ

ဂျာမနီရွေးကောက်ပွဲ ဆိုရှယ်ဒီမိုကရက်ပါတီက ဝန်ကြီးချုပ်မာကဲလ်ရဲ့ ပါတီအပေါ် ပွတ်ကာသီကာ အနိုင်ရ

စက်တင်ဘာ ၂၇

ဂျာမနီနိုင်ငံမှာ စက်တင်ဘာ ၂၆ ရက်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲ မဲပေးမှုတွေ ပြီးစီးသွားပြီးနောက် ဆိုရှယ်ဒီမိုကရက်ပါတီ (SPD) က ပြိုင်ဘက်ပါတီတွေအပေါ် ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာထူးစွန့်တော့မယ့် လက်ရှိဝန်ကြီးချုပ် အန်ဂျလာ မာကဲလ်ရဲ့ ကွန်ဆာဗေးတစ် အုပ်စုဘက်ကလည်း နောက်တက်လာမယ့် အစိုးရကို ဦးဆောင်ဖို့ အပြိုင် ကြိုးပမ်းနိုင်တဲ့ အခြေအနေ ရှိနေတာကြောင့် ဂျာမနီနိုင်ငံဟာ နိုင်ငံရေးအရ ခန့်မှန်းတွက်ဆလို့ မရတဲ့ ကာလတစ်ခုကို ဖြတ်ကျော်သွားရဖို့ ရှိနေပါတယ်။

လက်ရှိအခြေအနေတွေအရ ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ်ကို ဘယ်သူက ဆက်ခံသွားမလဲ ဆိုတဲ့ မေးခွန်းကို ပိုမို ကျယ်လောင်လာစေခဲ့ပါတယ်။

ရွေးကောက်ပွဲအတွက် ကနဦး ရလဒ်တွေအရ ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက် (SPD) ပါတီက ထောက်ခံမဲ ၂၅ ဒသမ ၇ ရာခိုင်နှုန်းရရှိကာ လက်ရှိအာဏာရပါတီအပေါ် ပွတ်ကာသီကာ အနိုင်ရထားတာကို ရွေးကောက်ပွဲ ‌ကော်မရှင် ဝက်ဘ်ဆိုဒ်မှာ တင်ထားတဲ့ ကိန်းဂဏန်းတွေက ပြသနေပါတယ်။

ဝန်ကြီးချုပ် မာကဲလ်ရဲ့ ဗဟိုလက်ယာယိမ်း ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ CDU-CSU အုပ်စုက ၂၄ ဒသမ ၁ ရာခိုင်နှုန်း ရခဲ့ပြီး SPD နဲ့ မတိမ်းမယိမ်း ရှိနေတယ်ဆိုပေမယ့်  ဒါဟာ ယင်းရဲ့ ဆယ်စုနှစ်ခုနစ်စု သမိုင်းမှာ အဆိုးဆုံး ရလဒ်အဖြစ် ပြသနေပါတယ်။ ဂရင်း ပါတီကတော့ ၁၄ ဒသမ ၈ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ ရွေးကောက်ပွဲရလဒ်အတွက် တရားဝင် ကြေညာမှုက မကြာခင်ထွက်ရှိလာမှာ ဖြစ်ပါတယ်။

SPD ရဲ့ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ လက်ရှိ ဒုဝန်ကြီးချုပ်လည်း ဖြစ်တဲ့ အိုလက်ဖ် ရှိုးဇ် က ၎င်းဟာ အစိုးရဖွဲ့ပြီး နိုင်ငံကို အုပ်ချုပ်ဖို့ အများရဲ့ ထောက်ခံမှုကို ရှင်းရှင်းလင်းလင်း ရထားပြီလို့ ပြောပါတယ်။

ဒါပေမယ့်လည်း မာကဲလ်ရဲ့ ကွန်ဆာ‌ဗေးတစ်တွေဘက်က ကိုယ်စားလှယ်လောင်းဖြစ်တဲ့ အာမင် လက်စ်ချတ် ကလည်း ၎င်းတို့ဘက်ကလည်း လာမယ့် အစိုးရကို ဖွဲ့စည်းဖို့ ကြိုးစားနိုင်ခွင့် ရှိကြောင်း ပြောဆိုခဲ့တာကြောင့် လက်ရှိအချိန်မှာ ဖြစ်နိုင်ခြေရှိ ညွှန့်ပေါင်းပါတနာတွေ ရဖို့ အပြင်းအထန် ကြိုးပမ်းသွားကြရဖို့ ရှိနေပါတယ်။

မာကဲလ်ရဲ့ တည်ငြိမ်တဲ့ ဦးဆောင်မှုအောက် ၁၆ နှစ်တာ ကာလအတွင်း နိုင်ငံရေး တည်ငြိမ်မှုတစ်ခု ရထားခဲ့တဲ့ နိုင်ငံတစ်နိုင်ငံအတွက် ရှေ့လာမယ့် သီတင်းပတ်တွေ၊ လတွေဟာ ခန့်မှန်းလို့မရတဲ့ ကြမ်းတမ်းတဲ့ ကာလတစ်ခုကို ဖြတ်ကျော်ရဖို့ ရှိနေပါတယ်၊အခြေအနေအပေါ် အနောက်အုပ်စု မဟာမိတ်တွေကလည်း အနီးကပ် စောင့်ကြည့်နေကြပြီး ပြည်တွင်း စိုးရိမ်ပူပန်စရာတွေက နိုင်ငံတကာ စင်မြင့်ထက်က ဂျာမနီရဲ့ အခန်းကဏ္ဍကို လျော့ပါးစေနိုင်ကာ ဥရောပမှာ ဦးဆောင်သူ လစ်ဟမှုကို ဖြစ်စေနိုင်တယ်ဆိုတာကိုလည်း သိရှိနေကြပါတယ်။

အသက် ၆၀ နှစ်ရှိ လက်စ်ချတ်နဲ့ အသက် ၆၃ နှစ်အရွယ် အိုလက်ဖ် ရှိုးဇ် တို့ နှစ်ဦးစလုံးက ၎င်းတို့ရဲ့ ရည်မှန်းချက်က ခရစ်စမတ် မတိုင်မီ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းပြီးစီးဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်။

“နိုင်ငံသားတွေဟာ အစိုးရပိုင်းမှာ အပြောင်းအလဲတစ်ခုကို မြင်ချင်နေကြပါတယ်” လို့ ရှိုးဇ်က ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အပြောမှား၊ အပြုမှားတွေ ရှိထားခဲ့တဲ့ လက်စ်ချတ်နဲ့ ယှဉ်ရင် ရှိုးဇ်ဟာ မဲဆွယ်ကာလအတွင်း အမှားကင်းခဲ့တဲ့ မဲဆွယ်စည်းရုံးမှုတစ်ခုကို လုပ်ထားရင်း ၎င်းကိုယ်ကိုယ် လုံခြုံမှုပေးနိုင်တဲ့ လက်တစ်စုံအဖြစ် ပုံဖော်ထားနိုင်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required