ဆွစ်ဇာလန်က လိင်တူလက်ထပ်ခွင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးသူ သုံးပုံနှစ်ပုံက ထောက်ခံမဲ ပေး 

ဆွစ်ဇာလန်က လိင်တူလက်ထပ်ခွင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးသူ သုံးပုံနှစ်ပုံက ထောက်ခံမဲ ပေး 

စက်တင်ဘာ ၂၇

ဆွစ်ဇာလန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပပြုလုပ်တဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ လိင်တူလက်ထပ်ခွင့်ကို ခွင့်ပြုဖို့ရှိတဲ့ အစိုးရရဲ့ အစီအစဉ်ကို ပြည်သူ သုံးပုံနှစ်ပုံနီးပါးက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ 

ဆွစ်ဇာလန်နိုင်ငံမှာ လိင်တူချစ်သူတွေအတွက် သမိုင်းဝင်နေ့ရက်ပဲ ဖြစ်တယ်ဆိုပြီး လှုံ့ဆော်စည်းလုံးသူတွေက ပြောကြပါတယ်။ 

ချမ်းသာတဲ့ Alpine ဒေသနိုင်ငံ ဆွစ်ဇာလန်ရဲ့ နယ်မြေဒေသစု ၂၃ ခုမှာ ၂၀ က မဲရလဒ် ထွက်ပေါ်တာမှာ မဲပေးသူ ၅၂ ရာခိုင်နှုန်းမှာ ၆၄ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့တာ ဖြစ်ပါတယ်။ 

ဆွစ်ဇာလန်နိုင်ငံဟာ အနောက်ဥရောပမှာ လိင်တူလက်ထပ်ခွင့်ကို ဥပဒေမဲ့အဖြစ် သတ်မှတ်ထားတဲ့ နောက်ဆုံးနိုင်ငံတစ်နိုင်ငံလည်းပဲ ဖြစ်ပါတယ်။ 

အစိုးရရဲ့ ‘အားလုံးတန်းတူ လက်ထပ်ခွင့်’ အဆိုပြုချက်ကို အတိုက်အခံတွေရဲ့ စိန်ခေါ်မှုတွေကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတဲ့အထိ ဖြစ်ခဲ့ရတာပါ။ 

“မဲပုံးတွေထဲကို ‘ထောက်ခံပါတယ်’ ဆိုတဲ့ မဲတွေ ဆွစ်ဇာလန်ပြည်သူတွေက အများအပြား ထည့်ခဲ့ကြတာပဲ”လို့ ‘ထောက်ခံတယ်’ (‘Yes’) ဆိုပြီး ဖွဲ့စည်းထားတဲ့ ကော်မတီက ပြောခွင့်ရအမျိုးသမီး အိုလာဂါဘာရာနိုဗာက အေအက်ဖ်ပီကို ပြောပါတယ်။ 

ဆွစ်ဇာလန်မြို့တော် ဘန်းမှာ ‘yes’ ကမ်းပိန်းရဲ့ ပျော်ပွဲရွှင်ပွဲကို စားသောက်ဆိုင်တစ်ခုမှာ ဘာရာနိုဗာက ကမကထပြုလုပ်ပါတယ်။ ဒီ ပျော်ပွဲရွှင်ပွဲမှာ သက်တံရောင် ဘောလုံးတွေကို အလှစီ ချိတ်တွဲထားပြီး မိန်းမတစ်ဦးလို ဝတ်စားထားတဲ့ အမျိုးသားတစ်ဦးက လက်ခုပ်ဩဘာသံတွေကြားမှာပဲ သီချင်းသီဆို ဖျော်ဖြေပါတယ်။ 

“ဒီကနေ့ဟာ ကျွန်မတို့နိုင်ငံ ပြောင်းလဲသွားတာ မဟုတ်ဘူး”လို့ ဘာရာနိုဗာက ပြောပါတယ်။ 

“နှစ်နှစ်ဆယ်ကျော်လောက် စိတ်ဓာတ်ရေးရာ ပြောင်းလဲမှုတွေ ရုပ်လုံးကြွလာတဲ့ နေ့ပဲ ဖြစ်တယ်၊ လူ့အသိုင်းအဝန်းအတွင်းက လိင်တူလိင်ကွဲဒွိလိင်ချစ်သူတွေကို အရမ်းကို နေရာပေးပြီး အတော်လေး အရေးပါတဲ့ လက်ခံလာမှုရဲ့ ပုံပန်းပေါ်လာတဲ့ နေ့ပါပဲ”လို့ သူက ပြောပါတယ်။ 

ဆွစ်ဇာလန်နိုင်ငံဟာ လိင်တူဆက်ဆံမှုကို ၁၉၄၂ ခုနှစ်မှာ ရာဇဝတ်မှုကနေ ပယ်ဖျက်ခဲ့တာ ဖြစ်ပေမယ့် ဒေသန္တရနဲ့ ဌာနေရဲတပ်ဖွဲ့တွေဟာ ‘လိင်တူချစ်သူ စာရင်း’ ကို ဆက်လက်ထိန်းသိမ်းပြုစုနေခဲ့တာဟာ ၁၉၉၀ ခုနှစ် အစောပိုင်းအချိန်တွေထိပဲ ဖြစ်ပါတယ်။ 

အဲဒီ အချိန်ကာလတွေမှာ လိင်တူချစ်သူ စုံတွဲတွေအနေနဲ့ အတူနေ မိတ်ဖက်တွေအဖြစ်ပဲ စာရင်းသွင်းနိုင်တာဖြစ်ပြီး နှစ်စဉ် ၇၀၀ ခန့် ရှိပါတယ်။ ဒါပေမဲ့ ဒီ အနေအထားမှာ နိုင်ငံသားအဖြစ် လက်ခံတာနဲ့ အတူတကွ ကလေးမွေးစားတာတွေ အပါအဝင် သာမန် ယောက်ကျားနဲ့ မိန်းမတို့ အိမ်ထောင်ပြုထိမ်းမြားတာလို အခွင့်အရေးမျိုး မရပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီ အရေးကို နှစ်အတော်ကြာ ဆွေးနွေးငြင်းခုံကြရအပြီးမှာ လူဦးရေး ၈ ဒသမ ၆ သန်းရှိရာ ဆွစ်ဇာလန်နိုင်ငံရဲ့ လွှတ်တော်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ လိင်တူလက်ထပ်ခွင့်ကို အတည်ပြုခဲ့တာဖြစ်ပေမယ့် အတိုက်အခံတွေကြောင့် ပြည်လုံးကျွတ်ဆန္ဒခံယူပြီး မဲပေးဆုံးဖြတ်လာတော့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly