စစ်အုပ်စုကို လွှတ်ထားလိုက်…လူထု တရားစီရင်လိမ့်မယ်

စစ်အုပ်စုကို လွှတ်ထားလိုက်…လူထု တရားစီရင်လိမ့်မယ်
Photo - AFP

စက်တင်ဘာ ၂၇

စစ်အုပ်စုကို ဆန့်ကျင်တဲ့ လူထုတော်လှန်ပုန်ကန်မှုတွေက အရှိန်ပြင်းတဲ့ ပြည်တွင်းစစ်ဖြစ်ပွားမယ့် စိုးရိမ်ဖွယ်ရာ အလားအလာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ မီရှဲလ်ဘာချယ်လက်က ကုလလူ့အခွင့်အရေးကောင်စီမှာ ပြောဆိုလိုက်ပါတယ်။ မြန်မာ့ဒီမိုက ရေစီရေး ပြန်လည်ထွန်းကားဖို့၊ ကျယ်ပြန့်တဲ့ ပဋိပက္ခတွေ တားဆီးနိုင်ဖို့အရေး အခြားနိုင်ငံတွေ ကြားဝင်မှုဟာလည်း အချိန်နှောင်း သွားပြီလို့လည်း ဆိုထားပါတယ်။

ဒါဟာ မြန်မာ့ပြည်ရဲ့ စစ်အာဏာယန္တရား ရပ်ဆိုင်းရေး နွေဦးတော်လှန်မှုရဲ့ အရှိတရားပါပဲ။ သို့တိုင် မီရှဲလ်က အာဆီယံနဲ့ သြဇာရှိနိုင်ငံ တွေက မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့ အာဏသိမ်းမှုနဲ့ ထင်ရာစိုင်း အကြမ်းဖက်မှုတွေကို နောက်ကြောင်းပြန်လှည့်ဖို့ သိမ်းသွင်းလှုံ့ဆော်တာ၊ ဟန့်တားတာတွေ ဆောင်ရွက်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။ ဒါဟာ ကုလရဲ့ လုပ်ပိုင်ခွင့်ထဲက မြန်မာအရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်နိုင်ခွင့် ဘောင်အကုန်ပါပဲ။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာစည်းမျဉ်းတွေအရ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့ ကုလသမဂ္ဂရဲ့ စည်းမျဉ်းဘောင်တွေကြောင့်ပါပဲ။

တကယ်တော့ ကုလသမဂ္ဂဆိုတာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ ငွေကြေးပံ့ပိုးပေးနိုင်တဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ကြိုးဆွဲရာ ကနေရတဲ့ အဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံတစ်ခုရဲ့ အရေးကို ကမ္ဘာ့နိုင်ငံအသီးသီးက ဆုံးဖြတ်ကြတဲ့အခါ လက် နက်နိုင်ငံကြီးတွေဖြစ်တဲ့ ဗီတိုအာဏာပိုင် နိုင်ငံငါးခုရဲ့ သဘောထားကို လွန်ဆန်လုပ်ဆောင်နိုင်တဲ့ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်အာဏာ ပါဝါ အပ်နှင်းထားခြင်း မခံရတာကြောင့် ကုလသမဂ္ဂက မြန်မာအရေးကို ထဲထဲဝင်ဝင် ပါချင်ရင်တောင် ပါခွင့်မရှိတဲ့ အဖွဲ့မို့လို့ပါပဲ။

နိုင်ငံတကာက အားကိုးမရဘူး

မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာကို အားကိုးမရတော့ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD အများစုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကလည်း စက်တင်ဘာလ ၁၃ ရက်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

"“ဒီမိုကရေစီလှုပ်ရှားမှုကိုယ်စား ကြားဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ရက်စက်ကြမ်းကြုတ်လှသော စစ်ကောင်စီ၏ တိုက်ခိုက်မှုများမှ မြန်မာပြည်သူလူထုအား ကူညီကာကွယ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားကိုး၍ မရတော့ပါ။ ပြီးခဲ့သည့် ခုနစ်လတာကာလကို ပြန်လည်ဆန်းစစ်ကြည့်ပါက တမျိုးသားလုံး စည်းလုံးညီညွတ်မှု၊ စုပေါင်းဆောင်ရွက်မှုတို့ဖြင့်သာလျှင် စစ်ကောင်စီကြောင့် ပေါ် ပေါက်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် မတည်ငြိမ်မှုများကို အဆုံးသတ်နိုင်လိမ့်မည်ဖြစ်ကြောင်း သိသာထင်ရှားနေပြီ ဖြစ်သည်" လို့ NUG က ဆိုထားပါတယ်။

ဒါ့အပြင် "နိုင်ငံအချို့၏ တရားဝင်ဖိတ်ကြားမှုဖြင့် စစ်ကောင်စီက အချို့သော နိုင်ငံတကာအစည်းအဝေးများတွင် တက်ရောက်ခွင့်ရနေပြီး အချို့နိုင်ငံများနှင့် စစ်ရေး၊ စီးပွားရေးသဘောတူညီချက်များပင် ရရှိနေကြောင်း တွေ့ရသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်မှုများရှိလာကြောင်း တွေ့ရသည်" လို့လည်း နိုင်ငံတချို့ရဲ့ မြန်မာ့အရေးပေါ် ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်ထားပါတယ်။

သို့သော် ကုလသမဂ္ဂက NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်ပြီး အသိအမှတ်ပြုထားမှု၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံအဖွဲ့နဲ့ တွေ့ဆုံမှုတွေကြောင့် တရားဝင်မှုနဲ့ ပတ်သက်လို့ NUG ရဲ့ ကြိုးပမ်းမှုတွေက ဆက်ရှိနေသေးဆဲ၊ နိုင်ငံတချို့ရဲ့ ထောက်ခံမှု ရနေဆဲဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို ထွက်ပေါက်လုပ်မယ့် စစ်အုပ်စု

စစ်အုပ်စုဟာ အာဏာသိမ်းမှုတွေ လုပ်တိုင်းမှာ သူတို့ထွက်ပေါက်အတွက် တစ်ကွက်ချန်လေ့ ရှိပါတယ်။ အဲဒါက အရေးပါတဲ့ နိုင်ငံရေး သမားတွေကို ထိန်းသိမ်းထားတဲ့ နည်းနာပါ။ ၁၉၆၂ အာဏာသိမ်းစဉ်ကလည်း အရေးပါတဲ့ နိုင်ငံရေးသမားတွေကို ထိန်းသိမ်းထားသလို ၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလမှာလည်း ဒီအတိုင်းပဲ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှာလည်း သူတို့ဘက် ရပ်မယ့် အရပ်သားနိုင်ငံသားရေးသမားတွေက လွဲရင် ကျန်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို အရင်ဆုံး ထိန်းသိမ်းခဲ့ပါတယ်။

အာဏာသိမ်းပြီး ဖြစ်လာတဲ့ နောက်ဆက်တွဲ ဆန္ဒထုတ်ဖော်မှုတွေကို စစ်အုပ်စုက လူသေသည်အထိ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းပြလေ့ ရှိပါတယ်။ ဒီလို လုပ်တာဟာ လူထုကြားထဲ အကြောက်တရားတွေ ရိုက်သွင်းနေတာ ဖြစ်ပြီး ဒီအဆင့်နဲ့ ဆန္ဒပြမှုတွေက ရပ်ဆိုင်းသွားလေ့ မရှိပါဘူး။ လူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုက အဆင့်တက်လာပြီး လက်နက်ကိုင်အဆင့် ရောက်ပြီဆိုရင် လက်နက်ကိုင်ခုခံသူတိုင်းကို အကြမ်းဖက်အဖွဲ့ တံဆိပ်ကပ်ပြီး ဖမ်းဆီးထောင်ချ၊ သတ်ဖြတ်ပြနဲ့ နောက်တစ်ဆင့် တက်လေ့ ရှိပါတယ်။ ဒီအဆင့်မှာမှ စစ်အုပ်စုဟာ သူတို့ မျှော်မှန်းထားသလို လူထုတော်လှန်မှုက ရပ်မသွားဘဲ ဆင့်ကဲ ဆင့်ကဲ တက်လာမယ်၊ လူထု ဘက်က အရေးသာလာပြီဆိုရင်တော့ သူတို့ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးပြီး စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို ဆွဲခေါ်လေ့ ရှိပါတယ်။ ဒါဟာ အရင်ကလည်း သုံးခဲ့တဲ့၊ အခုလည်း သုံးနေတဲ့ စစ်အုပ်စုရဲ့ အဆင့်အလိုက် ထွက်ပေါက်တွေ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဖမ်းဆီးခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်က လက်နက်ကိုင်ခုခံမှုတွေကို မနှစ်သက်ကြောင်း ပြောကြားတယ်ဆိုတဲ့ သတင်းတွေကို လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေခဲ့ပါတယ်။ ဒါဟာ စစ်အုပ်စုဘက်မှာ အထိနာမှု ရှိတယ်ဆိုတဲ့ အခြေအ နေတွေကို ထင်ဟပ်ပြနေပြီး ဒီကောလာဟလနဲ့ ပတ်သက်လို့ စက်တင်ဘာလ ၂၀ ရက် အထူးတရားရုံးထုတ်ချိန်မှာ ဒေါ်အောင်ဆန်းစု ကြည်က သူမရဲ့ ရှေ့နေကတစ်ဆင့် "လူထုဆန္ဒကို သူ ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူး" လို့ သတင်းစကား ပေးခဲ့ပါတယ်။

ဒီလို ထွက်ပေါက်ရှာမှုဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်မှာ အတိုက်အခံအင်အားစုတွေအတွက် အကျပ်အတည်းကို ဖြစ်စေပါတယ်။ အထူးသဖြင့် အခုလို လက်နက်ကိုင်အဆင့်အထိ ရောက်နေတဲ့ နွေဦးတော်လှန်ရေးမှာလို ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလို ဆွေးနွေးပွဲစကားဝိုင်း ထိုင်မယ်လို့ စစ်အုပ်စုက အသံလွှင့်လိုက်တာနဲ့ နိုင်ငံတကာ က ပြည်တွင်းရေးကို ငြိမ်းငြိမ်းချမ်းချမ်း ရှင်းကြပါဆိုပြီး ဖိအားပေးမှုတွေ လုပ်လာလေ့ ရှိတာကြောင့် ဖြစ်ပါတယ်။ ဒီလိုအချိန်အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အာဏာနိုင်ငံရေးနယ်ပယ်က နိုင်ငံရေးသမား အီလစ်တွေနဲ့ တော်လှန်သော အစုအဖွဲ့အကြား သဘောထားမတူညီမှုတွေက စစ်အုပ်စုကယ်ပေါက်ကို ပိုပြီးတော့ ကျယ်ကျယ်ပွင့်သွားစေပါတယ်။

လူထုပေးတဲ့ အပေါက်ကနေပဲ ထွက်ရမယ်

နိုင်ငံတကာရဲ့ သိသိသာသာ/မသိမသာ မျက်ကွယ်ပြုထားမှု၊ ကုလလို ကမ္ဘာလုံးချီ အဖွဲ့အစည်းကြီးတွေရဲ့ စုတ်သပ်နေမှုတွေက မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၊ အထူးသဖြင့် စစ်အုပ်စုရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို ရပ်တန့်သွားအောင် မလုပ်နိုင်ဘူးဆိုတာ အချိန်တွေ က သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာ့လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာဟာ မြန်မာပြည်သူလူထုရဲ့ တောင်းပန်တိုးလျှိုး တောင်းဆိုမှုကို မျက်ကွယ်ထားခဲ့ပြီးနောက်မှာ စစ်အုပ်စုကို ဖိအားပေးကြပါ၊ လှုံ့ဆော်ကြပါလို့ တိုက်တွန်းလာနေပါပြီ။ လက်နက်ကိုင်ဖြေရှင်းနည်းကို မလုပ်ပါနဲ့၊ အထိအခိုက်နည်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းကြပါလို့ တွန်းအာပေးလာကြပါတယ်။

သို့သော် ဒီမိုကရေစီနိုင်ငံကြီးတွေက သတ်မှတ်ထားတဲ့ ဒီမိုကရေစီစံနှုန်းတွေကို မျက်ကွယ်ပြုပြီး စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေး၊ စစ်အာဏာယန္တရား သက်ဆိုးရှည်ရေးအတွက် အရက်စက်ဆုံးသော ပြစ်မှုတွေကို အကြမ်းတမ်းဆုံး ကျူးလွန်နေဆဲ ဖြစ်ပါတယ်။ ဒီလို ကျူးလွန်တာဟာလည်း စစ်အုပ်စုဘက်မှာ တစ်စထက် တစ်စ ဘောင်ကျဉ်းလာတာကြောင့် ဖြစ်ပြီး ချောင်ပိတ်မိချိန် အရက်စက်ဆုံး လုပ်ပြပြီး ထွက်ပေါက်ရှာဖို့ လုပ်နေတာ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးနဲ့ ဒီကနေ့ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ကုလလို အဖွဲ့အစည်းတွေ၊ နိုင်ငံတကာမိသားစုတွေရဲ့ ကြားဝင်စေ့စပ် ပေးမှုနဲ့ ပြေလည်မယ့် အရေးကိစ္စ မဟုတ်တော့ပါဘူး။ စစ်အုပ်စုဘက်မှာလည်း ဒီတစ်ခါ ငါတို့ ရှုံးရင် စစ်အာဏာယန္တရားကြီး အပြီးတိုင် ပျက်သုန်းမယ်ဆိုတာကို သိနေသလို နွေဦးတော်လှန်ရေးအင်အားစုတွေဘက်မှာလည်း ဒီတစ်ခါမှ စစ်အုပ်စုကို အမြစ်မဖြုတ်နိုင်ရင် နောင်ဆိုတာ မရှိတော့ဘူးဆိုတဲ့ အသိနဲ့ တွန်းလှန်ခုခံနေကြတာ ဖြစ်ပါတယ်။

NUG အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်းက တစ်ဆင့် ဖိအားထပ်ပေးထားနိုင်ဖို့ ကူးလူးဆက်ဆံမှုတွေ လုပ်နေသော်ငြားလည်း NUG ကိုယ်တိုင်သည်ပင်လျှင် လူထုအသံ၊ လူထုအလံနောက်ကို လိုက်နေရပြီ ဖြစ်ပါတယ်။ နိုင်ငံ့အခြေအနေ ဆိုးသထက် မဆိုးဝါးလာအောင် ကူရှင်ခံနိုင်အောင် လုပ်ဆောင်နေတာလို့ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ NUG ကိုယ်တိုင်သည်ပင်လျှင် နိုင်ငံတကာကို အားကိုး မရတော့ဘူးဆိုတာကို အတိအလင်း ကြေညာထားပြီးလည်း ဖြစ်ပါတယ်။

စစ်အုပ်စုက သူတို့ နိုင်ဖဲ၊ ထွက်ပေါက်ဖဲလို့ သတ်မှတ်ထားတဲ့ နည်းနာတွေကို သုံးပြီး လူထုနဲ့ နွေဦးတော်လှန်ရေးကို မနိုင်နိုင်တော့တဲ့ အဆုံး စကားပြောဖို့ ကြိုးစားလာပါဦးမယ်။ ဒါကို တော်လှန်သော လူထုအင်အားစုကြီး၊ နွေဦးတော်လှန်ရေးအင်အားစုကြီးက ဒီထွက် ပေါက်က ဖြတ်ခွင့်ပေးမလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ချက်ချ တရားစီရင်ပါလိမ့်မယ်။ ဒီလို ဆုံးဖြတ်ချက်ချ တရားစီရင်မှုကို ဒီမိုကရက်တစ်အင်အားစုတွေကော၊ ကုလကော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကကော လက်ခံရမှာ ဖြစ်ပါတယ်။ ထို့အတူ အာဏာနိုင်ငံရေးနယ်ပယ်က သူတွေဟာလည်း ဒီဆုံးဖြတ်ချက် ကို တန်ဖိုးလေးစားပြီး ပိုကောင်းမွန်တဲ့ နိုင်ငံအနာဂတ် တည်ဆောက်ဖို့ ဝန်းကြ၊ ဝိုင်းကြ၊ ရံကြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူထုဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှုတိုင်းဟာ လူထုဆန္ဒကို ကိုယ်စားပြုမှာ ဖြစ်ပြီး အကျဉ်းကျခံ လူထုခေါင်းဆောင်၊ NLD ပါတီခေါင်းဆောင်ကိုယ်တိုင် လူထုသဘောဆန္ဒကို သူ ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူး လို့ သတင်းစ ကားပေးထားပြီး ဖြစ်တာကြောင့် ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required