ကျီးဘုတ်မြောက်၊ ဘုတ်ကျီးမြောက်၊ ပူတင်နှင့် ထရန့် တစ််ယောက်ကိုတစ်ယောက် ချီးမွမ်းခန်းဖွင့်

ကျီးဘုတ်မြောက်၊ ဘုတ်ကျီးမြောက်၊ ပူတင်နှင့် ထရန့် တစ််ယောက်ကိုတစ်ယောက် ချီးမွမ်းခန်းဖွင့်

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၈ ။            ။ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်နှင့် အမေရိကန်ပြည်ထောင်စု ရီပတ်ဘလီကင် သမ္မတလောင်း တစ်ပြေးနေသူ ဒေါ်နယ်ထရန့်တို့သည် ဒီဇင်ဘာ ၁၇ရက်နေ့က ယခုလတ်တလော အေးစက်စက်စက်ဖြစ်နေသည့် နှစ်နိုင်ငံဆက်ဆံရေးတွင် တိုးတက်မှုကို ကြိုဆိုလိမ့်မည်ဖြစ်ကြောင်း ပြောကြားပြီး တစ်ဦးကိုတစ်ဦး အပြန်အလှန် ချီးကျူးခဲ့ကြသည်ဟု ဆိုသည်။

ရီဘတ်ပလီကင် သမ္မတလောင်းပြိုင်ပွဲတွင် ရေပန်းစားနေသည့် မစ္စတာ ထရန့်ကို အကြွင်းမဲ့ခေါင်းဆောင်ဟု ပူတင်က ခေါ်ဝေါ်ခဲ့ပြီး သူနှင့် လက်တွဲရပါက အမေရိကန်နှင့် ရုရှတို့မှာ အကြမ်းဖက်ဝါဒ ကို နှိမ်နင်းရာနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ပြန်လည်ထိန်းသိမ်းရာတို့တွင် အတူပူးပေါင်း လုပ်ဆောင်နိုင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

ကုဋေကြွယ် စီးပွားရေးလုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရန့်၏ မှတ်ချက်စကားများမှာ ၎င်း၏ ရီပတ်ဘလီကင်ပြိုင်ဘက်များနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။ ရီပတ်ဘလီကင်များကမူ ရံဖန်ရံခါဆိုသလို မစ္စတာပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထိုးနှက်လေ့ရှိကြပြီး၊ ထရန့်၏ ဒီမိုကရတ်သမ္မတ ဘာရက် အိုဘားမားနှင့် မချောမွေ့သော ဆက်ဆံရေးကိုလည်း အစိုးရမှာ နိုင်ငံတကာဆက်ဆံရေးတွင် ခွန်အားမရှိသည့် အထောက်အထားလက္ခဏာတစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။  

မစ္စတာအိုဘားမားကမူ ရုရှက ကရိုင်းမီးယားကို မိမိပိုင်နက်အတွင်းသို့ ဆွဲသွင်းပြီးနောက်ပိုင်းတွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သကဲ့သို့ မစ္စတာပူတင်ကိုလည်း ဝေဖန်လာနေခဲ့သည်။ လွန်ခဲ့သည့်လများကလည်း အီရတ်နှင့် ဆီးရီးယားတွင်ရှိ အိုင်အက်စ်အကြမ်းဖက်အုပ်စုကို မည်သို့မည်ပုံ တိုက်ခိုက်မည်နှင့် ပတ်သက်ရျ် နှစ်နိုင်ငံ သဘောထားကွဲလွဲနေခဲ့ကြသည်။ မစ္စတာအိုဘားမားက မစ္စတာအာဆတ် ဆင်းပေးရမည်ဟု တောင်းဆိုနေချိန်တွင် မစ္စတာပူတင်က ဆီးရီးယားသမ္မတ ဘာရှား အာဆတ်ကို ထောက်ခံနေသည်။

မစ္စတာပူတင်ကို မြင့်မြင့်မားမား လေးစားစရာဟု ချီးကျူးနေသည့် မစ္စတာ ထရန့်ကမူ ရံဖန်ရံခါဆိုသလို သူ၏ စီးပွားရေးနောက်ခံနှင့် အလုပ်ဖြစ်အောင် စေ့စပ်ညှိနှိုင်းနိုင်သည့် စွမ်းရည်က ရုရှအပြင် အခြားနိုင်ငံများနှင့်ပါ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် လုပ်နိုင်စွမ်းစေလိမ့်မည်ဟု တွင်တွင် ပြောနေခဲ့သည်။

မစ္စတာပူတင်ကလည်း ရုရှနှင့် ဆက်ဆံရေးကောင်းမွန်လိုသည့် မစ္စတာထရန့်၏ ဆန္ဒကို ကြိုဆိုပါကြောင်း ကြာသပတေးနေ့က တစ်နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား   ပြောကြားခဲ့သည်။  

သူဟာ အလွန်ဝံ့စားတဲ့လူ။ ပင်ကိုယ်အရည်အချင်းရှိတဲ့လူဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမယ့်လည်း သူ့တန်ဖိုးကို အကဲဖြတ်ဖို့ဟာ ကျနော်တို့ အလုပ်မဟုတ်ပါဘူး။ အမေရိကန် မဲဆန္ဒရှင်တွေရဲ့ အလုပ်ပါ။ ဒီနေ့အထိ မြင်ရသမျှ သူဟာ သမ္မတလောင်းပြိုင်ပွဲမှာ ပြိုင်ဘက်မရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ သူက ရုရှနဲ့ ဆက်ဆံရေးကို ပိုပြီး နက်ရှိုင်းနွေးထွေးစေချင်ပါတယ်။ ဒါမျိုးကို ကျနော်တို့ မကြိုဆိုပဲ ဘယ်နေနိုင်ပါ့မလဲဟု ပူတင်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly